Sunday, January 17, 2016

မြန်မာ့တပ်မတော်က ပါကစ္စတန်လုပ် တစင်းလျှင် ဒေါ်လာ ၃၅ သန်းတန် JF-17 ဂျက်တိုက်လေယာဉ် ၁၆ စင်း ၀ယ်ယူခဲ့ဟုဆို



မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် ပါကစ္စတန်လုပ် JF-17 ဂျက်တိုက်လေ ယာဉ် ၁၆ စင်းကို အော်ဒါမှာယူခဲ့ ကြောင်းနှင့် မြန်မာသည် ပါကစ္စတန်ဂျက်တိုက်လေယာဉ်ကို ပထမဆုံး နိုင်ငံတကာဝယ်ယူသူဖြစ်ကြောင်း ပြည်ပသတင်းဝက်ဘ်ဆိုက်တခုက ဖော်ပြသည်။ ပါကစ္စတန်ဂျက်တိုက်လေယာဉ်ကို ၀ယ်ယူရန် အဇာဘိုင်ဂျန် နိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့ကလည်း စိတ်ဝင်စားကြောင်း ပါကစ္စတန်သမ္မတ မာနွန်းဟူစိန်က မကြာသေးမီက ပြောကြားသည်။ JF-17 Thunder ဂျက်တိုက်လေယာဉ်ကို တရုတ် AVIC ကုမ္ပဏီက ပုံစံထုတ်လုပ်ပြီး ပါကစ္စတန်၌ ထုတ်လုပ် သည်။ ၎င်းသည် အလေးချိန်ပေါ့ပါးပြီး ဈေးနှုန်းသင့်တင့်မျှတသည်။ စူပါဆိုးနစ်ဂျက် ဂျက်တိုက်လေယာဉ်ဖြစ်ပြီး လောလောဆယ် ပါကစ္စတန် Aeronautical Complex ကုမ္ပဏီက ပါကစ္စတန်လေတပ်အတွက် JF-17 ဂျက်တိုက် လေယာဉ်များ ထုတ်လုပ်ပေးနေသည်။ JF-17 ဂျက်တိုက်လေယာဉ်များကို ၀ယ်ယူရန် သီရိလင်္ကာနှင့် မလေးရှားနိုင်ငံတို့ကလည်း စိတ်ဝင်စား လျက်ရှိကြောင်း၊ မီဒီယာသတင်းရပ်ကွက်များက ဖော်ပြကြသည်။ ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ်ရှရစ် ကိုလံဘိုမြို့သို့ အလည်အပတ်သွားရောက်ပြီးနောက် သီရိလင်္ကာနိုင်ငံသည် JF-17 ဂျက်တိုက်လေယာဉ်များ ၀ယ်ယူမည်ဟု သတင်းထွက်ပေါ်လာသည်။ သို့သော် အိန္ဒိယနိုင်ငံက အပြင်းအထန်ကန့်ကွက်ပြီး နောက် သီရိလင်္ကာသည် ဒေါ်လာသန်း ၄၀၀ တန်ဖိုးရှိ အရောင်းအ၀ယ်သဘော တူညီချက်ကို ပယ်ဖျက်ဖွယ်ရှိသည်။ ပါကစ္စတန်သည် JF-17 ဂျက်တိုက် လေယာဉ်ကို တစင်းလျှင် ဒေါ်လာ ၃၅ သန်းဖြင့် ရောင်းချသည်။ ပါကစ္စတန်သည် ယင်းဂျက်တိုက်လေယာဉ်များကို အီဂျစ်နှင့် မလေးရှားသို့လည်း ရောင်းချရန် ဆွေးနွေး နေသည်ဟုဆိုသည်။ သို့ရာတွင် မလေးရှားကာကွယ်ရေးဝန်ကြီး ဒါတွတ်ဆရီဟီရှမ်မူဒင်တွန်ဟူစိန်က မလေးရှားသည် ပါကစ္စတန်ဂျက်တိုက်လေယာဉ်များဝယ်ယူရန် စိတ်ဝင်စားသည်ဆိုသော သတင်းကို ငြင်းဆိုခဲ့သည်။ 
Ref : (Defense Update) 
News Watch(စောင့်ကြည့်သတင်းဂျာနယ်) 

အလွတ်ကျက်ဖြေ ပညာရေးစနစ် ပြု ပြင်ဖို့ ဒေါ်စုတိုက်တွန်း




ဒီကနေ့ခေတ်ကလေးတွေဟာ သူတို့ရဲ့အချိန်အများစုကို ကွန်ပြူတာဂိမ်းတွေ၊ အင်တာနက်ဂိမ်းတွေနဲ့ လူမှုကွန်ယက်တွေမှာ အသုံးချနေတဲ့အတွက် စာဖတ်ချိန်နည်းလာပြီး စာပေနဲ့အလှမ်းဝေးတာဟာ ၀မ်းနည်းဖို့ကောင်းကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ အလွတ်ကျက်ဖြေပညာရေးစနစ်ဟာ လူငယ်တွေရဲ့ ဝေဖန်ပိုင်းခြားနိုင်တဲ့ အတွေးအခေါ်နဲ့ ပြင်ပစာပေ ဖတ်ရှုတာတွေကို ကန့်သတ် ပိတ်ပင်နေတယ် လို့လည်း ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ နိုဘယ်-မြန်မာစာပေပွဲတော်အတွက် ပေးပို့တဲ့ သူရဲ့သ၀ဏ်လွှာမှာ ဖေါ်ပြထားပါတယ်။ အပြည့်အစုံကိုမအင်ကြင်းနိုင်က တင်ပြမှာပါ။
မြန်မာနိုင်ငံရဲ့အလွတ်ကျက်ဖြေ ပညာရေးစနစ်နဲ့ ပတ်သက်လို့ ခေတ်မမှီတော့ကြောင်း သူရဲ့အမြင်ကို ပြီးခဲ့တဲ့ သတင်းပတ်တွင်း နေပြည်တော်က လွှတ်တော်ကိုလာရောက်လေ့လာတဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်က မဟာဘွဲ့လွန်ကျောင်းသူ၊ ကျောင်းသားတွေနဲ့တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောဆိုခဲ့ပါတယ်။
“အလွတ်ကျက်တာကိုလည်း ဒါပညာရဖို့အတွက် အကောင်းဆုံးနည်းတော့မဟုတ်ဘူးပေါ့နော်။ တကယ်ဆိုရင်တော့ ဒါအခုခေတ်မှာ ဆိုရင်တော့ ခေတ်မမှီဘူးလို့ပြောရမယ်။ နားလည်အောင် သင်ပြီးဖို့ ပြန်ပြီးတော့လုပ်ရမယ်။”
အခုလိုမြန်မာနိုင်ငံမှာ အလွတ်ကျက်ဖြေရတဲ့ ပညာရေးစနစ်အပြင် စာသင်ချိန်တွေထဲမှာ စာဖတ်ဖို့အချိန်ကိုထည့်မထားတာ၊ စာသင်ကျောင်းတွေမှာ စာကြည့်တိုက်တွေ အလုံအလောက် မရှိတာတွေ ကြောင့် မြန်မာကျောင်းသားလူငယ်တွေဟာ စာပေနဲ့အလှမ်းဝေးသွားတာကို သူ့အနေနဲ့ ၀မ်းနည်းမိကြောင်း စနေနေ့က စတင်ပြီး သုံးရက်ကြာကျင်းပတဲ့ နိုဘယ်မြန်မာ စာပေပွဲတော် ဖွင့်ပွဲအခမ်းအနားအတွက် ပေးပို့တဲ့ သ၀ဏ်လွှာမှာ ဒေါ်အောင်ဆန်းစုကြည်က ရေးသား ထားပါတယ်။ ဒါ့အပြင် ဒီနေ့ခေတ် လူငယ်တွေ စာပေဖတ်ရှုဖို့ အချိန်နည်းလာတဲ့ အကြောင်းအရင်း တွေထဲမှာ နည်းပညာအလွန်မြင့်တက်လာတာကြောင့် လူနေမှုဘ၀တွေပြောင်းလဲလာပြီး ကလေးတွေဟာ ကွန်ပြုတာဂိမ်းတွေ၊ အင်တာနက်ဂိမ်းတွေနဲ့ လူမှုကွန်ယက်တွေမှာ သူတို့ရဲ့ အချိန် အများစုကို အသုံးချလာနေတာကြောင့်ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ကဆိုပါတယ်။
အခုလို နည်းပညာကြောင့် အကောင်းအဆိုးရလဒ်တွေရှိနေရာမှာ လူငယ်တွေ လမ်းကြောင်းမလွဲအောင် စောင့်ကြည့် တည့်မတ်ပေးဖို့လိုတယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ ပညာရေးစနစ်ကို လာရောက်လေ့လာနေတဲ့ NNER မြန်မာနိုင်ငံပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် ကိုယ်စားလှယ်အဖွဲ့ဝင် ကိုစိုးထွန်းက ပြောပါတယ်။
“ ဒီနည်းပညာမှာ အကောင်း၊အဆိုးတွေရှိသလို ထိန်းကျောင်းပေးဖို့လိုပါတယ်။ လူငယ်တွေအတွက်ကို အချိန်တွေကုန်ဆုံးပြီးတော့ ပြဿနာရှိနိုင်တယ်ဆိုတာလည်း ကျနော်တို့လက်ခံပါတယ်။ ဒီအမေရိကန်တချို့ကျောင်းတွေမှာဆိုရင်လည်း ဒီ ဂိမ်းတွေ မှာ လူငယ်တွေ အချိန်ကုန်ဆုံးနေတဲ့ အပေါ်မှာ သူတို့လည်း စိုးရိမ်မှုတွေနဲ့ စောင့်ကြည့်ပြီးတော့ သုသေသနလုပ်ပြီးတော့ အဲဒီ ဂိမ်းတွေကို ကစားတဲ့အခါမှာ လူငယ်တွေကိုလည်း မကစားနဲ့လို့တော့ တားလို့မရဘူးပေါ့နော်။ တားလို့မရတဲ့အခါမှာ ဥာဏ်ရေထက်မြတ်စေတဲ့ ဂိမ်းတွေ အဲဒါတွေကိုဖန်တီးပြီးတော့မှ လုပ်လာတာတွေတွေ့ရတယ်။ အဓိကကတော့ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ လူကြီးပိုင်းတွေက သူတို့ရဲ့ မျိုးစက်တွေပေါ်မှာ ဘယ်လိုစောင့်ကြည့်ပြီးတော့၊ ဘယ်လိုတည့်မှတ်ပေးမလဲ လမ်းကြောင်းတွေမလွဲသွားအောင်ပေါ့နော် ၊ အဲဒါတွေကတော့ အမျှော်အမြင်ရှိတဲ့ ဦးဆောင်တဲ့လူတွေက အရေးကြီးတာပေါ့လေ။”
မြန်မာနိုင်ငံမှာ စာကြည့်တိုက်ရှိတဲ့ မြို့၊ ကျေးရွာ၊ ရပ်ကွက်ဆိုတာမျိုး အင်မတန်ရှားပါး လာတာဟာလည်း လူငယ်တွေအတွက် စာပေလေ့လာဖတ်ရှုဖို့အားနည်းချက်တွေဖြစ်စေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသလို ကိုစိုးထွန်းကတော့စာကြည့်တိုက်တွေအစား အရက်ဆိုင်တွေ၊ ဂိမ်းဆိုင်တွေပိုပြီးများနေတယ်လို့ ပြောပါတယ်။
“ကျနော်တို့တိုင်းပြည်မှာ စာကြည့်တိုက်တွေနဲ့ ယှဉ်ရင် အရက်ဆိုင်တွေများနေတာပေါ့နော်၊ အဲဒီလိုပဲ ဒီမြို့တွေမှာလည်းဖွင့်တာတွေက စာကြည့်တိုက်တွေ ၊ စာအုပ်ဆိုင်တွေဖွင့်မယ့်အစား ဂိမ်းစင်တာတွေက ပိုပြီးတိုးလာတာတွေများနေတယ်ပေါ့နော်။ အဲတော့ စာဖတ်ပြီးတော့ ကျနော်တို့ ရမယ့်ဟာတွေစာကြည့်တိုက်တွေမရှိပေမယ့်လည်း ကျနော်တို့ Online စာအုပ်ဆိုင်တွေ ကနေပြီးတော့ ကျနော်တို့ကျောင်းသားတွေကို ဘယ်လိုပေးနိုင်မလဲပေါ့နော် ၊ application တွေအများကြီးရှိတယ်၊ အဲဒီကနေပြီးတော့ ကျောင်းသားတွေကို ဖုန်းတလုံးနဲ့ ကျနော်တို့ ရှာဖွေပြီးတော့ သိနိုင်အောင်ပေါ့နော်၊ online စာအုပ်စဉ်တွေအနေနဲ့ လုပ်ပေးနိုင်တာမျိုးပေါ့နော် ၊ computerတွေ၊ notepad တွေ၊ laptop တွေ ပေါ့ပေါ့ပါးပါးသယ်နိုင်တဲ့ ပစ္စည်းတွေကနေ ထည့်ထားနိုင်တဲ့အနေအထားမျိုး အဲတော့ ကိုယ်သိချင်တာတွေကို ခုနက application တွေနဲ့ google search တွေနဲ့ ကောင်းကောင်းရှာနိုင်တဲ့ဟာမျိုး ကျနော်တို့ လုပ်ပေးပြီးတော့ လူငယ်တွေကို စာဖတ်ချင်စိတ်ကြီး လာအောင်လို့ ကျနော်တို့လုပ်ပေးရမှာကတော့ အသေအချာပဲပေါ့နော်။”
နိုဘယ်မြန်မာစာပေပွဲတော်အတွက် ပေးပို့တဲ့သ၀ဏ်လွှာမှာလည်း ကလေးတွေစာဖတ်ချင်အောင် ၀ိုင်းဝန်းကြိုးပမ်းကြဖို့နဲ့ ကလေးစာအုပ်တွေပိုပြီးရေးသားထုတ်ဝေကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားပါတယ်။
မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအပါအ၀င် ကလေးစာပေကဏ္ဍ မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ၂၀၁၅ ခုနှစ် ကစပြီး တနှစ်တကြိမ်ကျင်းပတဲ့ နိုဘယ်မြန်မာစာပေပွဲတော်ကို ဇန်န၀ါရီလ (၁၆) ရက်နေ့ကနေ (၁၈)ရက်နေ့ထိ ရန်ကုန်မြို့မှာကျင်းပနေတာဖြစ်ပါတယ်။

အမျိုးသမီး တစ်ဦးအား တရုတ်နိုင်ငံသားနှင့် လက်ထပ်ပါက ကျပ်သိန်း ၅၀ ရမည်ဟုပြော၍ လက်ထပ်ခိုင်းပြီး တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားရန် ဆောင်ရွက်သူ လေးဦးအား အမှုဖွင့်



မြန်မာနိုင်ငံသား အမျိုးသမီး တစ်ဦးအား တရုတ်နိုင်ငံသားနှင့် လက်ထပ်ပါက ငွေကျပ်သိန်း ၅၀ ရမည်ဟုပြော၍ လက်ထပ်ခိုင်းပြီး တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားရန် ဆောင်ရွက်သူ လေးဦးအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်ကာ အရေးယူထားကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဇန်န၀ါရီ ၁၇ ရက်တွင် စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ အသက်(၃၄)နှစ် အရွယ်ရှိ မြန်မာအမျိုးသမီး တစ်ဦးသည် လားရှိုးမြို့ရှိ နေအိမ်တစ်အိမ်တွင် တရုတ်နိုင်ငံသားနှင့် မင်္ဂလာဆောင်နေကြောင်း သတင်းရရှိသဖြင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စု (၁၆) မှ တာဝန်ရှိသူများက အဆိုပါ အမျိုးသမီးအား ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

ယင်းသို့ မေးမြန်းရာ မ.....(၃၄) နှစ်ထံသို့ လွန်ခဲ့သော ၁၅ ရက်ခန့်က လားရှိုးမြို့နယ် နောင်မွန်အုပ်စု ခေးနင်းကျေးရွာနေ ဒေါ်အေးခမ်း (၅၅) နှစ်နှင့် ၎င်း၏သားဖြစ်သူ အိုက်ထွန်း (ခ) အိုက်လွတ် (၃၁) နှစ်တို့မှ အမည်မသိ တရုတ်အမျိုးသား နှစ်ဦးတို့နှင့်အတူ ရောက်ရှိလာခဲ့ပြီး တရုတ်အမျိုးသား တစ်ဦးနှင့် လက်ထပ်ပါက ကျပ်သိန်း ၅၀ ဖြင့် တင်တောင်းမည်ဟု ပြောဆိုစည်းရုံးကာ စရန်ငွေ ကျပ်ငါးသိန်းအား မ......ထံသို့ ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ဇန်န၀ါရီ ၁၁ ရက်တွင် ဒေါ်အေးခမ်းမှ မ.....ထံသို့ ဖုန်းဆက်၍ ၁၃ ရက်နေ့ မင်္ဂလာဆောင်ရမည် ဖြစ်ကြောင်း၊ ကုန်ကျစရိတ်များကို ၎င်းတို့ကျခံမည် ဖြစ်ကြောင်း၊ ကျန်ငွေ ၄၅ သိန်းကို တရုတ်နိုင်ငံရှိ တရုတ်အမျိုးသား၏ နေအိမ်သို့ ရောက်ရှိမှသာ ရရှိမည်ဖြစ်၍ တရုတ်နိုင်ငံသို့ လိုက်သွားရမည် ဖြစ်သည်ဟု ပြောကြားခဲ့သဖြင့် ယခုကဲ့သို့ လက်ထပ်ခဲ့ခြင်းဖြစ်ပြီး ဇန်န၀ါရီ ၁၄ ရက်တွင် တရုတ်နိုင်ငံသို့ လိုက်ပါသွားရမည် ဖြစ်ကြောင်း မ....မှ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများအား ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းကြောင့် မ......အား တရုတ်မယားအဖြစ် လက်ထပ်စေပြီး တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားရန်အတွက် ပြောဆိုစည်းရုံးသူများနှင့် အားပေးကူညီသူများဖြစ်သော ဒေါ်အေးခမ်း၊ အိုက်ထွန်း(ခ) အိုက်လွတ်၊ တရုတ်နိုင်ငံသားများဖြစ်သော လီချီ (ခ) ကျိမ်ချွမ်း (၃၃) နှစ်နှင့် တွန်းစောက်ရှင်း (၃၄) နှစ်တို့အား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၁၆) လားရှိုးမှ ဖမ်းဆီးခဲ့ပြီး လားရှိုးနယ်မြေ ရဲစခန်း၌ (ပ) ၁၄/၂၀၁၆၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်ကာ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ အတွင်းသို့ တရားမ၀င် ၀င်ရောက်သူ တရုတ်နိုင်ငံသားနှစ်ဦးဖြစ်သော လီချီ (ခ) ကျိမ်ချွမ်း(၃၃)နှစ်၊ တွန်းစောက်ရှင်း (၃၄) နှစ်နှင့် ၀င်ရောက်ရန် ဆောင်ရွက်ပေးခဲ့သော အိုက်ထွန်း (ခ) အိုက်လွတ်တို့အား  လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေဖြင့် အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။   
Writer: 
မြင့်သူ

အတုမြင်အတတ်သင်



အတုမြင်အတတ်သင်ဆိုရင် လူကြီးမိဘတွေရဲ့ မကောင်းတဲ့ အမူအကျင့်တွေကို ကလေးတွေက လိုက်တုပပြီး ပြောဆိုလုပ်ကိုင်တာပေါ့။ ယေဘူယျမှန်ပါတယ်။ ဒါပေမယ့် လူကြီးမိဘတွေရဲ့ မကောင်းတဲ့အမူအကျင့်ကိုချည်းပဲ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေက လိုက်တုပ ပြောဆိုလုပ်ကိုင်တတ်တာမဟုတ်ဘဲ လူကြီးမိဘတွေရဲ့ ကောင်းတဲ့အမူအကျင့်တွေကိုလည်း သူတို့တွေက လိုက်တုပ ပြောဆိုလုပ်ကိုင်တတ်ပါတယ်။
ခပ်ရှင်းရှင်းလေး ပြောရမယ်ဆို မိဘကောင်းတွေရဲ့အမူအကျင့်ဟာ  ကလေးတွေကို ကောင်းတဲ့အလေ့အကျင့်တွေ လေ့ကျင့်ပေးပြီး မကောင်းတဲ့အလေ့အကျင့်တွေကို မလုပ်ဖြစ်အောင် ဆွဲဆောင်သိမ်းသွင်းနိုင်တာပါ။
ကလေးငယ်အရွယ်ရောက်ကြီးပြင်းတဲ့အထိ ကောင်းတဲ့အလေ့အကျင့် သူတို့မှာအမြစ်တွယ်သွားမယ်ဆိုရင် သူတို့ရဲ့ ကျန်းမာရေးအတွက် ကောင်းမွန်မှာဖြစ်ပြီး ပျော်ရွှင်မှုကိုလည်း ရရှိစေမှာပါ။ မကောင်းတဲ့အလေ့အကျင့်တွေ သူတို့မှာအမြစ်တွယ်သွားမယ်ဆိုရင်တော့ သူတို့အတွက်မကောင်းသလို သူတို့မျိုးဆက်အတွက်သော်လည်းကောင်း ၊ ပတ်ဝန်းကျင်အသိုင်းအဝန်းအတွက်သော်လည်းကောင်း ၊ နောက်ဆုံးမှာ လူ့အသိုင်းအဝန်းတခုလုံးအတွက် မကောင်းမှုဆီ ဦးဆောင်သွားနိုင်ပါတယ်။
ကောင်းတဲ့အကျင့်ပဲဖြစ်ဖြစ် ၊ မကောင်းတဲ့အကျင့်ပဲဖြစ်ဖြစ် ကလေးသူငယ်တွေကို လေ့ကျင့်ပေးတာ ၊ ဖျောက်ဖျက်ပေးတာဟာ ကလေးသူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို နားလည်ခံစားသိတတ်မှ လွယ်မှာပါ။ ဒီလို လေ့ကျင့်ပေးတာ ၊ ဖျောက်ဖျက်ပေးတာတွေကိုလည်း ကလေးငယ်ငယ်လေးကတည်းက သူ့တဘဝစာ အကျင့်ပါသွားအောင် ပြုစုပျိုးထောင်ပေးရမှာဖြစ်ပါတယ်။
ဒီအလေ့အကျင့်တွေကို ပြုမူဆောင်ရွက်ရင်းကနေ ကလေးတွေဟာ နေ့တဓူဝလုပ်ငန်းဆောင်တာတွေထဲမှာ အသားကျသွားမှာဖြစ်ပါတယ်။ ဒါကြောင့် မကောင်းတဲ့အလေ့အကျင့်အသစ်တွေနဲ့ သူအသားမကျခင် ဒါဟာ မကောင်းတဲ့အလေ့အကျင့် ၊ မပြုသင့် ၊ မပြောအပ်ဘူးဆိုတာကို လူကြီးမိဘတွေက သတိထားစောင့်ကြည့်ပြီး ကလေးကို ပြုပြင်ပေးရမှာဖြစ်သလို ကောင်းတဲ့အလေ့အကျင့်တွေနဲ့ အသားကျသွားအောင်လည်း ကိုယ်တိုင်က ပြောဆို ၊ ပြုမူ ၊ လုပ်ကိုင်ပြရမှာဖြစ်ပါတယ်။
အထူးသဖြင့် ကလေးကို အဓိကထိန်းကျောင်းနေတဲ့ လူကြီးမိဘဟာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ကောင်းကောင်းနားလည်မယ်ဆိုရင် သူ့စိတ်ခံစားချက်အပေါ် လိုတိုးပိုလျှော့ ဆက်ဆံရင်း ပြုပြင်ထိန်းသိမ်းပေးတဲ့အခါ ဒီကလေးကို ကောင်းတဲ့အလေ့အကျင့်တွေ အောင်မြင်စွာ ထည့်သွင်းပေးနိုင်ပြီး မကောင်းတဲ့အလေ့အကျင့်တွေကိုလည်း အောင်မြင်စွာ ဖျောက်ဖျက်ပေးနိုင်မှာဖြစ်ပါတယ်။
ကလေးတွေဟာ နေ့တဓူဝ သူတို့ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို တုန့်ပြန်တဲ့အနေနဲ့ အလေ့အကျင့်သစ်တွေ ဖြစ်ပေါ်လာတာပါ။ ပုံမှန်အားဖြင့် အော်ဟစ်ငိုယိုခြင်းကနေစတာပေါ့။ အဲဒီနောက် အရွယ်ရလာရင်ရလာသလို သူတွေ့မြင်တတ်သိလာတဲ့ အလေ့အကျင့်သစ်တွေကို သူစိတ်ဖိစီးတိုင်း ထုတ်သုံးပါတော့တယ်။ ဒီအလေ့အကျင့်သစ်တွေနဲ့ အသားကျသွားရင် သူတို့ဟာ အကျင့်ပါသွားတော့မှာပေါ့။

အလေ့အကျင့်တွေကူးတယ်ဆိုတာကို အင်္ဂလိပ်လို (Mirror Neurons)လို့ခေါ်ပါတယ်။ ဒါဟာ ကလေးသူငယ်တွေမှ ဖြစ်တတ်တာမဟုတ်ဘဲ အရွယ်ရောက်နဲ့ အရွယ်လွန် စတဲ့ အရွယ်မျိုးစုံက လူတွေဖြစ်တတ်တာပါ။ ပိုပြီးရှင်းအောင် ဥပမာပေးရမယ်ဆို တစ်ယောက်သန်းဝေလို့ နောက်တစ်ယောက်ပါ လိုက်သန်းဝေတာမျိုးဖြစ်ပါတယ်။ သိတတ်လာတဲ့ကလေးကို အမေက “တူတူရေဝါး” လုပ်ပြရင် ကလေးဟာ “တူတူရေဝါး” ပြန်လုပ်ပြမှာဖြစ်ပါတယ်။
Mirror Neurons ဟာ ဦးနှောက်တခုလုံးမှာ နာ့ဗ်ကြောတွေအနေနဲ့ရှိနေပြီး က်ျွနုပ်တို့ နေ့စဉ်တွေ့မြင်သိရှိ ကြားနေတာတွေ စတဲ့ အာရုံခြောက်ပါးက အသိတွေအကုန်လုံးကို သတင်းပို့လွှတ်နေတာပါ။ နေ့စဉ်ကြုံနေရတဲ့ အဖြစ်အပျက် အရာမှန်သမျှကို Mirror Neurons က လက်ခံနေတာပါ။ တခုခု ကြားသိခံစားသိမြင်ရတဲ့အရာကို Mirror Neurons  က သတင်းအချက်အလက်အဖြစ် ဦးနှောက်တနေရာဆီ ပို့လွှတ်လိုက်ပြီးတဲ့နောက်မှာ ဒီဦးနှောက်ထဲက အခြားအပိုင်းတွေကိုလည်း နှိုးဆော်မှုပေးလိုက်ပြီးတဲ့အခါမှာ အခုသိရှိမြင်တွေ့လိုက်တဲ့ ဒီအချက်အလက်ဟာ သင်ပြန်ပြုမူလုပ်ကိုင်ပြောဆိုရမယ့် အရာတစ်ခုအဖြစ် ပြုမူလုပ်ကိုင်စေလိုက်တာပါ။ ဒါက Mirror Neurons ရဲ့ လုပ်ငန်းဆောင်တာလေ။
ဒါကြောင့် အသံတိတ်ကလေး အတုမြင်အတတ်သင်လုပ်နေတဲ့ မွေးကင်းစကနေ သုံးနှစ်အောက် ကလေးငယ်တွေရှေ့  ပြုမူပြောဆိုလုပ်ကိုင်နေတာတွေကို သတိထားကြဖို့ လိုပါတယ်။ ဒီအရွယ်ကလေးတွေဟာ သူတွေ့မြင်ကြားသိခံစားနေရသမျှကို အသံတိတ်သင်ယူနေပြီး ဒါတွေကို ပြန်ပြုမူလုပ်ကိုင်ပြောဆိုဖို့ မှတ်သားနေပါတယ်။
သူတို့နေ့စဉ်သင်ယူလာခဲ့တဲ့ ဒီအလေ့အကျင့်တွေနဲ့ အထာကျပါမှ ဒါမလုပ်ရဘူး ၊ ဒီလိုမပြောရဘူးဆိုရင် ကိုယ်တိုင်က ဒါတွေ လုပ်ကိုင်ပြောဆိုနေမိလို့ ဖြစ်နေနိုင်ပါတယ်။ ဒါမှမဟုတ် ဒီလိုလုပ်ကိုင်ပြောဆိုတတ်သူတွေဟာ သူ့ပတ်ဝန်းကျင်မှာ ၊ သူကြည့်နေတဲ့ ကာတွန်းတွေမှာ ရှိနေလို့ဖြစ်ပါတယ်။ ဒီအရွယ်ကလေးတွေဟာ သူလက်လှမ်းမီရာကနေသာ သင်ယူနေနိုင်တာပါ။ သူ မသိနိုင် ၊ မမြင်နိုင် ၊ မကြားနိုင် ၊ မခံစားနိုင်တဲ့ ဟိုးတဘက်က အရာတွေကို ထွက်မသင်ယူနိုင်သေးဘူးလေ။
ကလေးမှာ မကောင်းတဲ့အလေ့အကျင့်ရှိနေပြီဆိုရင် ကလေးအနားရှိနေသူတွေနဲ့ ကလေးတွေ့ထိခံစားသိရှိနိုင်တဲ့ အရာတွေအပေါ် ပြန်သုံးသပ်ပါ။ ဒါတွေနဲ့ ခပ်ဝေးဝေးထားပြီးမှ ဒါဟာမကောင်းတဲ့အကျင့်မို့ ကိုယ်ဟာမလုပ်ဘူး ၊ ကလေးကိုလည်း ဒီလိုမကောင်းတဲ့အကျင့် မလုပ်စေချင်ဘူးလို့ အကြိမ်ကြိမ်အဖန်ဖန် ကလေးနားလည်အောင် ပြောဆိုဆုံးမတတ်ရပါမယ်။
ဆိုဆုံးမတဲ့သူက ငါပြောသလိုလုပ် ၊ ငါလုပ်သလိုမလုပ်နဲ့ အတင်းသွားလုပ်ရင်ဖြင့် ကလေးဟာ ရေရှည်မှာ ကိုယ်လုပ်သလိုပဲ လိုက်လုပ်မှာဖြစ်ပြီး ကိုယ်ပြောသလို လိုက်လုပ်ဖို့ဆိုရင် ပြောတဲ့သူကိုယ်တိုင်က ကိုယ်ပြောတဲ့အတိုင်း ကျင့်ကြံနိုင်အောင် အရင်ကြိုးစားရမှာဖြစ်ပါတယ်။ အထူးသဖြင့် စိတ်တိုတောင်းလွယ်ပြီး ဆူလွယ် ၊ ရိုက်လွယ်ရှိတဲ့မိဘတွေရဲ့ သားသမီးဟာ ပိုပြီးရိုင်းစိုင်းကြမ်းတမ်းတတ်ကြပါတယ်။
ကိုယ့်စကားနားမထောင်ဘဲ သူထင်ရာလုပ်နေတဲ့ကလေးကို တွေ့ရာနဲ့ကောက်ပေါက် ကိုယ်ရောလက်ပါ ဆူပူဆုံးမတတ်တဲ့ မိဘတွေရဲ့သားသမီးဟာ သူ့ကိုစိတ်ဆိုးအောင်လုပ်တဲ့သူတွေကိုလည်း ဒီအတိုင်းပြန်လုပ်ဖို့ကြိုးစားမှာပါ။ စစချင်း ငယ်တဲ့သူဖြစ်ဖြစ် ၊ အားနည်းတဲ့သူဖြစ်ဖြစ်ကို လုပ်မှာဖြစ်ပြီး နောင်အကျင့်ပါသွားရင်တော့ ရွယ်တူတွေကိုကော ၊ ကြီးသူတွေကိုကော ဒီလိုပြုမူဆက်ဆံမှာဖြစ်ပါတယ်။ နောက်ဆုံးမှာ မိဘဆွေမျိုးတွေကိုလည်း ဒီလိုပြုမူဆက်ဆံလာနိုင်ပါတယ်။ ဒီအကျင့်ကြီးစွဲသွားရင် ဖျောက်ရခက်ပြီပေါ့။ ကလေးကို မကောင်းတဲ့အကျင့်မစွဲစေချင်ရင် ကိုယ်တိုင်ကလည်း မကောင်းတဲ့အကျင့်တွေကို မလုပ်ဖြစ်အောင် ရှောင်ပါ။ မကောင်းတဲ့အကျင့် လုပ်နေသူတွေနဲ့ ကလေးကို ဝေးနိုင်သမျှ ဝေးဝေးထားပါ။
မိဘဟာ သားသမီးတွေရဲ့ အကောင်းဆုံးသော သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာတွေပါ။ သွေးသားရင်းဖြစ်တဲ့ မိဘဆိုတဲ့ ခံစားချက်ကော ၊ အနီးကပ်ဆုံးဆိုတဲ့ အသိနဲ့ကော ပေါင်းစပ်ပြီး ကလေးတွေဟာ သူ့အနီးဆုံးမှာရှိနေတဲ့ မိဘတွေရဲ့ အကျင့်ကို အများဆုံးကူးယူတတ်ကြပါတယ်။ သူများအကျင့်ကူးယူသည့်တိုင် မိဘတွေက  ဒီအကျင့်မကောင်းလို့ တို့ကဒီလိုအကျင့်မလုပ်ဘူးလို့ ပြန်ပြုပြင်ပေးလိုက်ရင် ဒီအကျင့်ပျောက်သွားတတ်ပါတယ်။
“လက်ဦးဆရာ မိနဲ့ဘ” ဆိုတဲ့စကားက မိဘတွေဟာ သားသမီးတွေရဲ့ လက်ဦးဆရာဖြစ်တယ်လို့ သက်သေခံနေပါတယ်။ ကလေးတွေဟာ သူတို့မိဘတွေကို စံအဖြစ်ထားကြတာဖြစ်တဲ့အတွက် မိဘပြုမူလုပ်ကိုင်ပြောဆိုတာတွေ လိုက်သင်ယူလေ့ရှိတာမို့ ကလေးတွေကို ကောင်းမွန်တဲ့အတတ်ကိုပဲ လက်ဆင့်ကမ်း သင်ပေးကြဖို့လိုပါတယ်။
ကလေးသူငယ်တွေဟာ ပြောသူရဲ့အသံအနိမ့်အမြင့် ၊ ပြောဆိုဟန်တွေနဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို သူတို့မြင်သမျှ ၊ ကြားသမျှ ၊ ခံစားရသမျှကနေ သင်ယူနေကြတဲ့အတွက် မိမိကလေးကို ဘယ်လိုကလေးမျိုးဖြစ်စေချင်သလဲဆိုတာ ကလေးအနား အနီးကပ်ဆုံးရှိနေကြတဲ့ လူကြီးမိဘတွေက ပြုမူလုပ်ကိုင်ပြောဆိုနေတဲ့ အရာအားလုံးကနေ သင်ပေးရမှာဖြစ်ပါတယ်။
ရတု 
(Burmesehearts.com)
-
.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.