Saturday, January 9, 2016

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ အတူးကျေးရွာမှာ ရေတွင်းတူးရင်း တွင်းထဲက ဓာတ်ငွေ့တမျိုးကြောင့် ရွာသား ၅ ဦး သေဆုံး








ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ အတူးကျေးရွာမှာ ရေတွင်းတူးရင်း တွင်းထဲက ဓာတ်ငွေ့တမျိုးကြောင့် ရွာသား ၅ ဦး သေဆုံးခဲ့ပါတယ်။

သံတွဲမြို့နဲ့ ၁၇ မိုင်လောက် ကွာဝေးတဲ့ အတူးရွာမှာ ဇန်န၀ါရီ ၉ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျေးရွာဥက္ကဋ္ဌဟောင်း ဦးအောင်တင်ဝင်း၊ ညီဖြစ်သူ ကိုချမ်းသာ အပါအ၀င် ၅ ဦး သေဆုံးခဲ့တာလို့ သံတွဲမြို့နယ် အန်အယ်လ်ဒီအမတ် ဦးမင်းကြည်က ပြောပါတယ်။

မျက်မြင်တွေ့ရှိခဲ့တဲ့ အတူးကျေးရွာက ဒေါ်မစန်းက ဖြစ်ပျက်ခဲ့ပုံကို ခုလို ပြောပြပါတယ်။

“ရေတွင်းကို စက်နဲ့ရေပက်တာ ရေကခန်းသွားတော့ အောက်မှာ နုံးတွေကျန်ခဲ့လို့ ပထမတယောက်က ဆင်းဆယ်တယ်၊ အဲ့ဒီမှာသူက မူးပြီး လဲကျသွားတာ၊ အဲ့ဒီတော့ နောက်တယောက်က ဘာဖြစ်လို့တုန်းဆိုပြီး ခုန်ချတာ၊ သူ့ကို အပေါ်က လူတွေက ကြိုးချပေးနေတုန်း သူလည်း လဲကျသွားတာ၊ နောက်တယောက်ကလည်း တခါ ခုန်ချပြန်တော့ လဲကျသွားပြန်ရော၊ အားလုံး ၅ ယောက်၊ ရဲတွေလာမှ ဆယ်တင်နိုင်တယ်၊ ဆရာဝန်တွေလည်း လာတယ်၊ ဆရာဝန်တွေက ဓာတ်ငွေ့တွေနဲ့ အဆိပ်သင့်သွားတာလို့ ပြောတယ်။”


နောက်ဆုံးခုန်ချတဲ့ ကျေးရွာဥက္ကဋ္ဌ ဦးဇော်ဦးကတော့ အသေမသေဆုံးဘဲ ဒဏ်ရာရရှိခဲ့ပါတယ်။

အတူးရွာသားတွေဖြစ်တဲ့ ဦးအောင်တင်ဝင်း၊ ကိုချမ်းသာ၊ ကိုစိုးမင်းပိုင်၊ ကိုရဲမင်းထွန်းနဲ့ ကိုကျော်ဝင်းတို့ ၅ ဦး သေဆုံးခဲ့တာ ဖြစ်ပြီး ဦးအောင်တင်ဝင်းတယောက်ပဲ အသက် ၄၀ကျော်၊ ကျန်တဲ့သူတွေက အသက် ၃၀ ကျော်အရွယ်တွေ ဖြစ်ပါတယ်။

အတူးကျေးရွာမှာ ကြံ့ခိုင်ရေးပါတီက ထောက်ပံ့တဲ့ ငွေကျပ် ၁၀ သိန်းနဲ့ ရေတွင်းသစ်တူးရင်း အခုလို အသက်သေဆုံးခဲ့ကြတာ ဖြစ်ပြီး အရင်က ခုလိုမျိုး မဖြစ်ဖူးဘူးလို့ သိရပါတယ်။

Source : DVB

နည်းပြ ဘင်နီတက်ဇ်ကို ရာထူးက ထုတ်ပယ်လိုက်ခြင်းသည် ရီးယဲလ်အသင်းအတွက် ကောင်းမွန်သော လုပ်ရပ်ဖြစ်သည်ဟု ကွင်းလယ်လူ မိုဒရစ်က ပြောဆို






မက်ဒရစ်၊ ဇန်န၀ါရီ ၁၀ ။             ။ နည်းပြ ဘင်နီတက်ဇ်ကို ရာထူးက ထုတ်ပယ်လိုက်ခြင်းသည် ရီးယဲလ်အသင်းအတွက် ကောင်းမွန်သော လုပ်ရပ်ဖြစ်သည်ဟု ကွင်းလယ်လူ မိုဒရစ်က ပြောဆိုလိုက်သည်။
ရီးယဲလ်အသင်းသည် နည်းပြသစ် ဇီဒန်း၏ လက်ထက်တွင် ပထမဆုံးပွဲစဉ်၌ ဒီပို့တီဗိုအသင်းကို အိမ်ကွင်းတွင် ၅-၀ ဂိုးဖြင့် သက်သောင့်သက်သာ အနိုင်ရရှိခဲ့သည်။ ရီးယဲလ်အတွက် အနိုင်ဂိုးများကို ဘေးလ်က သုံးဂိုး၊ ဘန်ဇီမာက နှစ်ဂိုးသွင်းယူပေးခဲ့သည်။
ဒီပို့တီဗိုအသင်းကို အနိုင်ရရှိခဲ့သော ရလဒ်သည် ဘင်နီတက်ဇ်ကို ထုတ်ပယ်လိုက်ခြင်းမှာ မှန်ကန်ကြောင်း ပြသခြင်းဖြစ်သည်ဟုလည်း မိုဒရစ်က ဆိုသည်။
'ဘင်နီတက်ဇ်ပြုလုပ်ပေးခဲ့တဲ့ အရာတွေအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အမှန်အတိုင်း ရိုးသားစွာ ပြောရမယ်ဆိုရင် ဒီလိုအပြောင်းအလဲ ပြုလုပ်လိုက်တာက တကယ်ကို ကောင်းပါတယ်။
ဘယ်အချိန်ပဲဖြစ်ဖြစ် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်နေရပြီဆိုရင် တစ်စုံတစ်ယောက်ကတော့ ပေးဆပ်ရမှာပါပဲ။ ရိုးရိုးသားသားပြောရရင်တော့ ပြီးခဲ့တဲ့ ပွဲစဉ်တွေကနဲ့ အခုပွဲကို ယှဉ်ကြည့်လိုက်ပါ' ဟု မိုဒရစ်က ပြောသည်။
ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း
- See more at: http://mizzimaburmese.com/article/9642#sthash.h2z5v4Th.nAtcnbVB.dpuf

မကွေးမြို့တွင်ကလေးသူခိုးဟုအစွပ်စွဲ ခံရတဲ့အမျိုးသမီးတစ်ဦး နံရိုးနှစ်ချောင်းကျိုးသည်အထိရိုက်နှက်ခံရသော်လည်း ဆေးကုသမှုမပေးဘဲ၂၄နာရီကျော်အထိ ဖမ်းဆီးထား








မကွေးမြို့နယ် မိချောင်းရဲတိုက်နယ် စိုင်ကျကျေးရွာသို့ ဇန်န၀ါရီ ၅ ရက်က လက်ဝတ်ရတနာ ရောင်းရန်လာရောက်သည့် အမျိုးသမီးကို ကျေးရွာအုပ်ချုပ်ရေးမှူးအပါအ၀င် ကျေးရွာနေလူ ၃၀ ခန့်က ကလေးသူခိုးဟု စွပ်စွဲ၍ နံရိုးနှစ်ချောင်းကျိုးသည်အထိ ရိုက်နှက်ခဲ့ရပြီး မိချောင်းရဲ ရဲစခန်းမှ နောက်တစ်နေ့ ညနေအထိ ၂၄ နာရီကျော် ဆေးလုံးဝကုသမပေးဘဲ ထိန်းသိမ်းထားခဲ့မှုနှင့် ပတ်သက်၍ ရိုက်နှက်ခံခဲ့ရသူ မယုယုချို၏ အစ်မက ဇန်န၀ါရီ ၉ ရက် က မကွေးမြို့၌ မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းခဲ့သည်။ မယုယုချိုသည် ဇန်န၀ါရီ ၅ ရက်က စိုင်ကျကျေးရွာသို့ သွားရောက်ခဲ့ပြီး အမက ကျောင်းနှင့် ကျေးရွာအတွင်းမှ နေအိမ်နှစ်အိမ်တွင် လက်ဝတ်ရတနာများ ရောင်းချခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီခန့်တွင် အဆိုပါကျေးရွာမှ မကွေးမြို့သို့အပြန် ဆိုင်ကယ်ငှားရမ်းရန် လမ်းလျှောက်လာစဉ် အရပ်ရှည်ရှည် အမျိုးသားတစ်ဦးက ၎င်းအား ကလေးသူခိုးဟုဆိုကာ ရိုက်နှက်၍ ခြေထောက်ဖြင့် ကန်ကာ ဆံပင်မှ တရွတ်ဆွဲခေါ်ခဲ့ကြောင်း၊ သူမက ပတ်ဝန်းကျင်သို့ အကူအညီတောင်းရန် နေအိမ်တစ်ခုအတွင်းသို့ ၀င်ပြေးခဲ့ရာ ထိုအိမ်သည် ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကံရွှေ၏ အိမ်ဖြစ်နေကြောင်း၊ ထိုအိမ်ထဲတွင်လည်း အုပ်ချုပ်ရေးမှူးအပါအ၀င် ကျေးရွာမှ လူ ၃၀ ခန့်က ထပ်မံရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ မယုယုချိုက သူမသည် ကလေးသူခိုးမဟုတ်ဘဲ လက်ဝတ်ရတနာ ရောင်းဝယ်သူသာဖြစ်ပြီး သူမ ၀င်ထွက်ခဲ့သော နေအိမ်များအား မေးမြန်းကြည့်ရန် ပြောကြားခဲ့သော်လည်း ယုံကြည်မှု မရှိခဲ့ကြကြောင်း၊ ညနေ ၅ နာရီခန့်တွင်မှ မိချောင်းရဲ ရဲစခန်းမှ ရဲနှစ်ဦး ရောက်ရှိလာပြီး ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ရဲစခန်းတွင် စစ်ဆေးနေစဉ် ဆေးကုသခွင့် လုံးဝမပေးခဲ့ဘဲ နောက်တစ်နေ့ ဇန်န၀ါရီ ၆ ရက် ညနေပိုင်းမှ ပြန်လွှတ်ပေးခဲ့ကြောင်း၊ မယုယုချိုသည် ဇန်န၀ါရီ ၆ ရက် ညပိုင်းမှ မကွေးမြို့ တိုင်းဆေးရုံကြီးသို့ ရောက်ရှိပြီး ဇန်န၀ါရီ ၉ ရက်အထိ ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း ၎င်း၏ အစ်မက ပြောကြားသည်။ “မသင်္ကာတာက ဖြစ်လို့ရပါတယ်။ အခုက အုပ်ချုပ်ရေးမှူးကိုယ်တိုင်ကပါ ရိုက်နှက်ခဲ့ပြီး အင်္ကျီတွေ ကွဲထွက်တာတောင် အင်္ကျီပြန်ဝတ်ခွင့် မပေးခဲ့တာပါ။ ပါးတွေမှာလည်း အညိုအမည်း ဒဏ်ရာတွေ ရခဲ့ပါတယ်။ ညနေ သုံးနာရီလောက်ကျမှ ကျွန်မညီမကို အာမခံပေးတဲ့ အခြားရွာက လူတွေ လာခေါ်ကြပါ တယ်။ သူတို့နဲ့ ဆေးရုံကိုသွားဖို့ ထွက်လာပြီးမှ လမ်းခုလတ်မှာ ရဲနှစ်ယောက် လိုက်လာပြီး မိချောင်းရဲလမ်းခွဲနားက လမ်းဘေးတဲထဲမှာ စစ်ဆေးကြပါတယ်။ ကျွန်မညီမက နံရိုးတွေ ကျိုးထားကြောင်း ပြောတာတောင် ရဲတွေက မယုံကြောင်းပြောပြီး ငေါက်ငမ်းပြီး ဆက်ဆံခဲ့ကြပါတယ်။ ရဲစခန်းကိုရောက်တော့လည်း လက်ဝတ်ရတနာတွေကို ပန်းထိမ်ဆရာဆိုသူတွေနဲ့ခေါ်ပြပြီး ပစ္စည်းသိမ်းဖို့တွေပဲ ပြောခဲ့ပါတယ်။ ကျွန်မညီမက အမှန်တွေ ပြောပြပေမယ့် နံရိုးနှစ်ချောင်းကျိုးနေတာကို ပရုပ်ဆီလေးတောင် လိမ်းမပေးခဲ့ပါဘူး။ ပြီးတော့ နှစ်ဦးနှစ်ဖက် ပြဿနာ ဖြစ်တာကို ကျေအေးပါတယ်ဆိုပြီး လက်မှတ်ထိုးပေးမှ ဆေးကုခွင့်ပေးမယ်လို့လည်း ဂတ်စာရေးက ပြောပါတယ်။ ကျွန်မနဲ့ အဆက်အသွယ်ရလို့ နီးစပ်ရာ ရဲတစ်ဦးက ကြားဝင်ကူညီတော့မှ ကျွန်မညီမကို လွှတ်ပေးခဲ့တာပါ” ဟု မယုယုချို၏ အစ်မက ပြောကြားသည်။ ထိုသို့ မတရားဖမ်းဆီး၍ ရိုက်နှက်ခဲ့မှုများကို မယုယုချို၏အစ်မက နေပြည်တော် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် နစ်နာမှုများတိုင်ကြားရေးဌာနသို့ ဇန်န၀ါရီ ၉ ရက် နံနက်က တိုင်ကြားထားကြောင်း၊ ထို့အပြင် မတရားဖမ်းဆီး ရိုက်နှက်ခဲ့သူများအား သက်ဆိုင်ရာသို့ တိုင်ကြားခြင်းနှင့် တရားစွဲမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ မိချောင်းရဲတိုက်နယ် ရဲစခန်းမှူးသို့ The Daily Eleven သတင်းစာမှ ဇန်န၀ါရီ ၉ ရက် မွန်းလွဲ ၂ နာရီခွဲက ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့ရာ ကာယကံရှင်များမှ အမှုဖွင့်တိုင်ကြားလာပါက အမှုဖွင့်ပေးမည်ဖြစ်ကြောင်း ၎င်းတို့စခန်းတွင် ရောက်ရှိစဉ်က အတည်ပြုစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ကျေအေးလွှာအား လက်မှတ်အတင်း ထိုးခိုင်းသည်မှာလည်း မဟုတ်ကြောင်း ဖြေကြားခဲ့သည်။ 
============ 
Eleven Media Group

ကမ္ဘာပေါ်မှာယောင်္ကျားလေးတွေ အလိုချင်ဆုံးမိန်းမ (၇)ဦး


ကမ္ဘာပေါ်မှာ နာမည်ကြီးတဲ့ အမျိးသမီးတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ထိုမိန်းကလေးတွေထဲက ဘယ်အမျိုးသမီးကများ ယောင်္ကျားလေးတွေ အလိုချင်ဆုံး သူတွေ ဖြစ်ပါမလဲ။ Wonderlist ကဖော် ပြထားတဲ့ ယောင်္ကျားလေးတွေ အလိုချင်ဆုံး အမျိုးသမီး(၇) ဦးကိုအောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ (1) Sofia Vergara


 Sofia Vergara ကတော့ ကိုလံဘီယာ မင်းသမီး၊မော်ဒယ်၊ဟာသ သရုပ်ဆောင်၊ တီဗီ အစီအစဉ်ကြေငြာသူ တစ်ဦး ဖြစ်ပါတယ်။ 1990 ပြည့်နှစ် အစွန်းပိုင်းမှာ စတင်ခဲ့တဲ့ Univision လို့ခေါ်တဲ့ TV showနဲ့ နာမည်စရ ခဲ့တာပါ။ သူမဟာ ရုပ်ရည်ချောမောရုံတင်မကပါဘူး။ ဟာသဥာဏ်လည်း အရမ်းကို ရွှင်ပါတယ်။   
(2) Kate Upton

Katherine “Kate” Uptonကတော့ ၂၀၁၁ခုနှစ်က ထွက်ရှိခဲ့တဲ့ Sports Illustrated Swimsuit Issue မှာ ပါခဲ့တဲ့ ပုံကစပြီး နာမည်ကြီးခဲ့တာပါ။ သူကမရဲ့ ကောက်ကြောင်းတွေကြောင့် အမြဲတမ်း အင်တာနက်ပေါ်မှာ လည်း အရှာဖွေခံရဆုံး အမျိုးသမီးတွေထဲမှာလည်းပါဝင်နေခဲ့ပါတယ်။
 (3) Rooney Mara

Patricia Rooney Mara ကတော့ အမေရိကန် ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ ပထမ ဆုံး ဇာတ်ကားကတော့ 2005 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ A nightmare on Elm Street ဆိုတဲ့ ဇာတ်ကားပဲဖြစ် ပါတယ်။ The Social Network ဆိုတဲ့ Facebook အကြောင်း ရိုက်ထားတဲ့ ဇာတ်ကားမှာလည်း ပါဝင်ခဲ့ ပါတယ်။ သူမရဲ့ အထူးချွန်အပြောင်မြောက်ဆုံး သရုပ်ဆောင်မှုကိုတော့ The Girl with the Dragon Tattoo မှာလည်း တွေ့နိုင်ပါတယ်။ 
(4) Miranda Kerr
Miranda May Kerr ကတော့ အမေရိကန် မော်ဒယ်တစ်ယောက် ဖြစ်ပါတယ်။ သူမဟာ ၂၀၁၇နှစ်က Victoria’s Secret မော်ဒယ်တွေထဲက တစ်ယောက် အဖြစ်နဲ့ ပါဝင်ခဲ့ပြီး စတင်နာမည်ရလာခဲ့တာ ဖြစ်ပါတယ်။ Victoria’s Secret မော်ဒယ်တွေထဲမှာ ပထမဆုံး Australian မော်ဒယ်တစ်ယောက် ဖြစ်ခဲ့ပြီး Australia နိုင်ငံကနာမည်ကြီး Fashion Comapany တစ်ခုဖြစ်တဲ့ Davdi Jones ရဲ့ ပင်တိုင်မော်ဒယ်လည်း ဖြစ်ပါတယ်။ 
(5) Emma Stone

Emily Jean “Emma” Stone ကတော့ အမေရိန်ကန် မင်းသမီး တစ်ယောက်ပဲ ဖြစ်ပါတယ်။ Drive လို့ခေါ်တဲ့ တီဗီ ဇာတ်လမ်းတွဲတွေမှာလည်း Cast Member တစ်ယောက် အဖြစ်ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ပထမဆုံး ဇာတ်ကားကတော့ Superbad လို့ခေါ်တဲ့ ဟာသကားပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ The House Bunny and Ghosts of Girlfriends Past မှာလည်း ပါဝင်ခဲ့ပါတယ်။ Crazy, Stupid, Love အပါအဝင် အခြားဇာတ် ကားများမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
 (6) Scarlett Johanson

Scarlett Johansson ကတော့ မသိသူ မရှိလောက်အောင်ပဲ ကျော်ကြားပါတယ်။ သူမရဲ့ Sexy ကျတဲ့ မျက်လုံး၊ နှုတ်ခမ်းတွေ အပြင် သူမရဲ့ အသံကလည်း ယောင်္ကျားလေးတွေကို တော်တော်စွဲဆောင်နိုင်တာတွေ့ရပါတယ်။ နာမည်ကြီး ရုပ်ရှင်များစွာမှာ ပါဝင်နေတဲ့ အတွက် အထူးတလည် မိတ်ဆက်ပေးစရာလိုမယ် မထင်ပါဘူး။ 
(7) Kim Kardashian

Kimberly Noel “Kim” Kardashian ကတော့ အမေရိကန် Reality Show Star တစ်ယောက်ဖြစ်ပြီး သူမရဲ့ ကြီးမားလှပြီး လှပတဲ့ ခန္ဓာကိုယ်အချိုး အစားကြောင့် သတင်းတွေမှာ အမြဲပါလေ့ရှိသူပါ။ အဆိုတော် Kanye West ရဲ့ ဇနီးလည်း ဖြစ်ပါတယ်။ 

MyanmarOnline 
Source: wonderslist

လာမည့်ဧပြီလတွင်ကျင်းပမည့် အကယ်ဒမီဆုပေးပွဲအတွက်ဇကာတင်ဇာတ်ကားများအားစတင်စီစစ်ရွေးချယ်လျက်ရှိ


၂၀၁၅ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆု စိစစ်ရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး စတင်စိစစ် ရွေးချယ်မှုများ ပြုလုပ်လျက်ရှိ


၂၀၁၅ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုစိစစ် ရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး စတင်စိစစ် ရွေးချယ်မှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

ပထမဆုံးအကြိမ် နှစ်နှစ်စာကျင်းပမည့် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို ဧပြီ ၃ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်ရန် အကြမ်းဖျင်း လျာထားသတ်မှတ်ထားကြောင်း သိရသည်။


ယခုပြုလုပ်မည့် အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်များ အတွက် ထူးချွန်ဆုများ ပေးအပ်မည်ဖြစ်ကာ ၂၀၁၄ ခုနှစ်အတွက် အကယ်ဒမီဆုများကို ရွေးချယ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်အတွက် အကယ်ဒမီဆု ရွေးချယ်စိစစ်ရေး အကဲဖြတ်အဖွဲ့တွင် ဒါရိုက်တာဆုအတွက် ဥက္ကဋ္ဌ ဒါရိုက်တာမောင်နှင်းမိုး၊ အဖွဲ့ဝင်များအဖြစ် ဒါရိုက်တာဦးထွန်းအောင်ဇော်၊ ဦးသက်မောင်မောင်၊ ဦးမျိုးဇော်အောင်၊ ဦးစိုးထိုက်အောင်တို့ ပါဝင်မည်ဖြစ်ပြီး သရုပ်ဆောင်ဆုအတွက် ဒေါ် မြင့်မြင့်ခင်၊ ဦးဌေးအောင်၊ ဒေါ်ဝါ၀ါဝင်းရွှေ၊ ဦးလွင်မိုး၊ ဒေါ်ဆွေဇင်ထိုက်၊ ဦးခင်မောင်ချင်း၊ ဒေါ်ချစ်ချစ်ဇော်တို့က ပါဝင်စိစစ် အကဲဖြတ်မည် ဖြစ်သည်။ ဓာတ်ပုံဆုအတွက် ရုပ်ရှင်ဓာတ်ပုံပညာရှင် ဦးထွန်းလှိုင်၊ ဦးအောင်ကိုလတ်၊ ဦးဖေမြင့်ဦး၊ ဦးတင်အောင်၊ ဦးအေ၀မ်းသိန်းထွဋ်တို့ ပါဝင်အကဲဖြတ်မည် ဖြစ်ကြောင်း သိရသည်။


ဇာတ်ညွှန်းဆုအတွက် ရုပ်ရှင်ဇာတ်ညွှန်း ပညာရှင် ဦးမြင့်ဦးဦးမြင့်၊ ဒေါ်ယဉ်ယဉ်လဲ့၊ ဦးဇော်မြင့်ဦး၊ ဦးမြတ်ဆွေ၊ ဦးမြင့်ဆောင် တို့က ပါဝင်အကဲဖြတ်မည်ဖြစ်ကာ အသံဆုအတွက် ဦးချစ်ဆွေ၊ ဦးအေးမြင့်၊ ဦးမောင်စံ (သာဓု)၊ ဦးဆန်းဦး၊ ဦးကိုမြင့် (သမန်းကျား) တို့က စိစစ်အကဲဖြတ်မည် ဖြစ်ကြောင်း သိရသည်။ တည်းဖြတ်ဆုအတွက် ရုပ်ရှင်တည်းဖြတ် ပညာရှင် ဦးတင်ငြိမ်း၊ ဦးထွန်းကျော်၊ ဦးဆွေဆက်၊ ဦးတက်ကီ၊ ဒေါ်မြင့်မြင့်ကြည် တို့က ပါဝင်အကဲဖြတ်မည် ဖြစ်ကြောင်း သိရသည်။


ရုပ်ရှင်နောက်ခံ တေးဂီတဆုကို တေးဂီတ ပညာရှင်စန္ဒရား ဦးကွန်းဇော်၊ တယော ဦးတင်ရီ၊ ဦးလှဆန်းဦး၊ ဦးမောင်မောင်လတ်၊ ဦးသက်တို့က စိစစ်အကဲဖြတ်မည် ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ဇာတ်ကားများမှာ မင်္ဂလာလှည်း၊ လူကြီးမင်းခင်ဗျား၊ ချစ်စံအိမ် ၂၀၂၈၊ ကျွန်မကနှင်းဆီပါမောင်၊ ဤအရာကို အချစ်ဟုခေါ်သလား၊ အောင်ဘာလေ၊ ကျူးပစ်ရဲ့ကျေးကျွန်များ၊ မဟာဆန်တဲ့ မာယာမျက်နှာဖုံး၊ နက္ခတ်မှားတဲ့တိုက်ပွဲ၊ မောင့်အိမ်သူ၊ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား၊ ရောင်နီဦး၏ အလင်းရောင်နှင့်အတူ၊ ကျွန်တော့်ရည်းစားဘုရားမှာနေသည် ဇာတ်ကားများဖြစ်ကြောင်း သိရသည်။ ရုံတင်ပြသခဲ့သည့် ဇာတ်ကားများတွင် ဟာသဦးစားပေး ဇာတ်ကားများနှင့် ချစ်ခြင်းမေတ္တာဖွဲ့ ဇာတ်ကားများ၊ မိသားစု ဒရာမာဇာတ်ကားများ ပါဝင်ထားသည်။


အကယ်ဒမီ ထူးချွန်ဆု စိစစ်ခြင်းကို ယခုအဖွဲ့ဖြင့်သာ အပြီးသတ် စစ်ဆေးသွားမည်ဖြစ်ပြီး ရုံတင်ပြသခဲ့သည့် ဇာတ်ကား ၁၃ ကားအား အကြိမ်ကြိမ်စစ်ဆေး၍ ဆုတစ်ခုချင်းစီအလိုက် အရည်အချင်း ပြည့်မီသူများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

စိစစ်အကဲဖြတ်ရေး အဖွဲ့သည် ၂၀၁၅ ခုနှစ်အတွက် ရွေးချယ်စိစစ်ခြင်းကို ၂၀၁၆ ခုနှစ်မတ်လတွင် အပြီးသတ် ရွေးချယ်မည် ဖြစ်ကြောင်း သိရသည်။
Writer: 
လင်းလင်းခိုင်

တစ်လင်တစ်မယားဥပဒေဖြင့် မန္တလေးတွင် အမျိုးသမီးတစ်ဦးအား တရားစွဲထား





ပီးခဲ့သည့်နှစ်က ပြဋ္ဌာန်းလိုက်သည့် အမျိုးဘာသာစောင့်ရှောက်ရေး ဥပဒေလေးရပ်မှ တစ်ခုဖြစ်သည့် တစ်လင်တစ်မယားဥပဒေဖြင့် မန္တလေးတွင် အမျိုးသမီးတစ်ဦးအား တရားစွဲထားကြောင်း ရဲရင်းမြစ်များကို ကိုးကားလျက် နိုင်ငံပိုင် သတင်းစာက ရေးသားဖော်ပြထားသည်။ 
အသက် ၃၇ နှစ် ဒေါ်ရင်ဌေးဆိုသည့် အမျိုးသမီးကို တစ်လင်တစ်မယားဥပဒေ ပုဒ်မ ၁၃ အရ တရားစွဲထားခြင်းဖြစ်သည်။ ၂၀၀၃ ခုနှစ်အတွင်းက ဒေါ်ရင်ဌေးသည် အသက် ၃၅ နှစ်ရှိ ဦးကျော်စံဝင်းနှင့် တရားဝင် လက်ထပ်ထားကြောင်း၊ ဦးကျော်စံဝင်းနှင့် ပေါင်းသင်းနေစဉ်မှာပင် ဦးမျိုးလင်းထွန်းဆိုသူနှင့်လည်း အတူနေထိုင်သည်ကို တွေ့ရှိသဖြင့် ယခုကဲ့သို့ တရားစွဲဆိုခံရခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
- See more at: http://mizzimaburmese.com/article/9611#sthash.vIc8aRzE.C4iIFh9a.dpuf

ရေကူးဝတ်စုံနဲ့ တိုက်ရိုက်ထုတ်လွှင့်မှု တခု တင်ဆက်နေစဉ်မှာ မတော်တဆ အပေါ်ပိုင်းဗလာကျင်းဖြစ်ခဲ့တဲ့ တင်ဆက်သူ



ခုသီတင်းပါတ်အစောပိုင်းက ချီလီရုပ်မြင်သံကြားသတင်းဌာနရဲ့ အစီအစဉ်တင် ဆက်သူတဦးဟာ ကမ်းခြေမှာ ရေကူးဝတ်စုံနဲ့ တိုက်ရိုက်ထုတ်လွှင့်မှု တခု တင်ဆက်နေစဉ်မှာ မတော်တဆ အပေါ်ပိုင်းဗလာကျင်းဖြစ်ခဲ့ရပါတယ်။
ဘာနာဒီတာမစ်ဒယ်လ်တန်ဟာ “အားလုံးအတွက် မင်္ဂလာပါ” အမည်ရတဲ့ ချီလီ ရုပ်သံအစီအစဉ်ရဲ့ နာမည်ကျော် တင်ဆက်သူတဦးဖြစ်ပြီး ရီနာကာ ကမ်းခြေမြို့က တိုက်ရိုက်ထုတ်လွှင့်မှုတခုမှာ ခုလိုဖြစ်ခဲ့တာပါ။
သူဟာ ကမ်းခြေမှာ အပေါ်က ထပ်ဝတ်လာတဲ့အ၀တ်အစားတွေကို ချွတ်ချခဲ့ပြီး ရေကူးဝတ်စုံနဲ့ ရေထဲကို ဆင်းခဲ့စဉ်မှာ လှိုင်းကြောင့် ၀တ်စုံအပေါ်ပိုင်း လျှောကျသွားခဲ့တာပါ။
ဘာနာဒီတာက “တကယ်တမ်းက ကျမရေထဲဆင်းမယ့် အစီအစဉ်မရှိခဲ့ပါဘူး။ ရေကူးဝတ်စုံကလည်း မကြာသေးခင်ကမှ လက်ဆောင်ရထားတဲ့အသစ်မို့ ကြိုးကို သေ ချာမချိတ်နိုင်တာကြောင့် ခုလိုဖြစ်သွားခဲ့တာ”လို့ ပြောပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်မှာ ဘာနာဒီတာဟာ ရေထဲမှာ လျှောကျသွားတဲ့ ရေကူးဝတ်စုံအ ပေါ်ပိုင်းကို ဆွဲတင်ခဲ့ရတာကို တွေ့ရပါတယ်။
သူ့ရဲ့ဖြစ်ရပ်ဟာ အဲဒီနေ့မှာ အင်တာနက်လူမှုကွန်ရက် အသုံးပြုသူတွေကြား ပြောစရာတခုဖြစ်ခဲ့တယ်လို့ သတင်းက ဆိုပါတယ်။
“ရီကာနာမှာ လှိုင်းတွေက ကြမ်းပြီး ခုလိုအမြဲဖြစ်နေကျပဲ။ ရှင်တို့လည်း ရေကူး ၀တ်စုံတွေကို သေသေချာချာဝတ်ပြီး ဆွဲတင်ထားဖို့လိုလိမ့်မယ်ရှင့်” လို့ ရယ်မောပြီး ပြောခဲ့ပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ကို တီဗွီအန်ဝက်ဘ်စာမျက်နှာပေါ်မှာ လူပေါင်းများစွာ ၀င် ရောက်ကြည့်ရှုခဲ့ကြပြီး ဒါဟာ ရယ်မောပျော်ရွှင်စရာကောင်းတဲ့ အခြေအနေတခုပါလို့ ဘာနာဒီတာက ပြောပါတယ်။

ဂွာဒီယိုလာ(သို့မဟုတ်)အင်္ဂလန် ဘော်လုံးလောက ကို ပြောင်းပြန်လှန်မယ့်သူ




ဂျိုးဆက်ပက်ဂွါဒီယိုလာတစ်ယောက် ပရီးမီးယားလိဂ်ကို ရောက်လာတော့မယ်ဆိုတဲ့ သတင်းအပေါ် ဘောလုံးလောကသားတွေ အထူးတလည် စိတ်ဝင်စားလာကြပါတယ်။ အထူးသဖြင့် စပိန်နဲ့ ဂျာမနီမြေတွေမှာ အောင်ပွဲအလီလီရယူခဲ့ပြီးတဲ့နောက် ကမ္ဘာပေါ်မှာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး လိဂ်ပြိုင်ပွဲလို့ အသိအမှတ်ပြုခံထားရတဲ့ ပရီးမီးယားလိဂ်မှာကော စပိန်သား ဘောလုံးတော်လှန်ရေးသမားရဲ့ အရည်အသွေးတွေကို မှတ်ကျောက် တင်ခံနိုင်ဦးမလားဆိုတာက အားလုံးသိချင်တဲ့ မေးခွန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။
ဘောလုံးတော်လှန်ရေးသမား
ဂွါဒီယိုလာကို ဘောလုံးတော်လှန်ရေးသမားလို့ စတင် ဝိသေသပြု ချီးကျူးခဲ့သူကတော့ နာမည်ကျော် အီတလီနည်းပြကြီး မာဆယ်လိုလစ်ပီပဲ ဖြစ်ပါတယ်။ ဘောလုံးလောကမှာ နည်းစနစ်ပိုင်းတော်လှန်ရေးပြုလုပ်ခဲ့သူတွေထဲမှာ အရီဂိုဆက်ချီနောက်ပိုင်း ဂွါဒီယိုလာက အထူးချွန်ဆုံး ဖြစ်တယ်လို့ လစ်ပီက ထောမနာ ပြုပါတယ်။ ဂွါဒီယိုလာဟာ ဘာစီလိုနာအသင်းနဲ့အတူ မရဖူးတဲ့ ဆုဖလား မရှိလောက်အောင် အောင်မြင်ခဲ့တယ်။ အဲဒီကနေ ဘိုင်ယန်ကို ကူးလာတော့လည်း ဥရောပ ချန်ပီယံလိဂ် ဆုဖလားကလွဲလို့ ကျန်တဲ့ အောင်မြင်မှုအားလုံးရယူပြပြီးပြီ။ ဒီရာသီချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်က ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတစ်သင်းအဖြစ် ရင်ပေါင်တန်း ရပ်တည်နေပါတယ်။ သူကိုင်တွယ်တဲ့ အသင်းတိုင်းဟာ ထိပ်တန်းအဆင့်မှာရှိနှင့်ပြီးသားဖြစ်နေတယ် ဆိုပေမယ့် ဂွါဒီယိုလာ ရောက်လာတဲ့အခါ ပတ္တမြားကို ရွှေကွပ်လိုက်သလို ဖြစ်သွားတာကိုတော့ ငြင်းလို့မရပါဘူး။

‘‘ဂွါဒီယိုလာက ကမ္ဘာ့ဘောလုံးသမိုင်းမှာ အကောင်းဆုံး အသင်းတွေကို ဖန်တီးပြခဲ့တဲ့ နည်းပြဖြစ်တယ်။ လက်ရှိ ကမ္ဘာပေါ်မှာ အကောင်းဆုံးနည်းပြတစ်ယောက်လည်း ဖြစ်တယ်။ တစ်ချိန်က အေစီမီလန်နဲ့ အီတလီတို့ကို ကိုင်တွယ်ခဲ့တဲ့ ဆက်ချီဟာ အပြောင်မြောက်ဆုံး ဘောလုံးတော်လှန်ရေးသမားတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ အဲဒီနောက်မှာတော့ ဂွါဒီယိုလာပဲပေါ့။ ဘာစီလိုနာနဲ့အတူ သူလုပ်ပြခဲ့တာတွေက အံ့ဩစရာပါ။  ပြီးတော့ သူတည်ထောင်ခဲ့တဲ့ ကလပ်အသင်းက ကစားသမား အများစုဟာ နိုင်ငံအတွက် ဥရောပဖလားနှစ်ကြိမ်နဲ့ ကမ္ဘာ့ဖလားတစ်ကြိမ်ရယူပေးခဲ့တယ်။ ဂွါဒီယိုလာဟာ ဘောလုံးသမိုင်းကြောင်းကို တည်ဆောက်ရာမှာ အများကြီး ဖြည့်ဆည်းကူညီခဲ့သူ ဖြစ်ပါတယ်’’လို့ လစ်ပီက ဆိုပါတယ်။
သိပ်မကြာခင်က ရီးရဲလ်မက်ဒရစ်နည်းပြဖြစ်လာတဲ့ ဇနီဒင်း ဇီဒန်းကလည်း ဂွါဒီယိုလာနဲ့ နှိုင်းယှဉ်မှုတွေကို ငြင်းဆန်ခဲ့ပေမယ့် ဒီစပိန်သားဟာ သူရဲ့ မြင်ဆရာ တစ်ယောက်လို့ ဝန်ခံခဲ့ပါတယ်။ ‘‘ဂွါဒီယိုလာက ဂွါဒီယိုလာပါပဲ။ ကျွန်တော်က နှိုင်းယှဉ်မှုတွေကို မကြိုက်ဘူး။ ဒါပေမဲ့ မှန်တာကို ပြောရရင် သူအပါအဝင် ကျွန်တော်သိခဲ့တဲ့ ဟိုဆေးမော်ရင်ဟိုနဲ့ ကားလို့ အန်ဆယ်လော့တီတို့လို နည်းပြကောင်းတွေဆီက ကောင်းကွက်တွေကို ကျွန်တော် လေ့လာသင်ယူခဲ့ပါတယ်’’လို့ ဇီဒန်းက ဖွင့်ဟပါတယ်။
အင်္ဂလန်မြေသို့
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ဘိုင်ယန်အသင်းက သူတို့ရဲ့ နည်းပြဟာ အသင်းနဲ့ သက်တမ်းတိုး စာချုပ်တော့မှာ မဟုတ်ဘူးလို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ရာသီကုန်မှာ ဂွါဒီယိုလာအစား အန်ဆယ်လော့တီနဲ့ အစားထိုးမယ်လို့လည်း ဂျာမန်ချန်ပီယံအသင်းက ကြေညာတယ်။ ဒီသီတင်းပတ် အစောပိုင်းမှာတော့ ဂွါဒီယိုလာကိုယ်တိုင်က သူ့အနာဂတ်ဟာ ပရီးမီးယားလိဂ် ဖြစ်မယ်လို့ ထုတ်ပြောလာပါတယ်။ ‘‘ဘိုင်ယန်ကို စွန့်ခွာခဲ့တဲ့ ကျွန်တော့်ရည်ရွယ်ချက်က အရမ်းရှင်းပါတယ်။ အင်္ဂလန်မှာ ကျွန်တော့်အရည်အချင်းကို စမ်းသပ်ချင်လို့ပါ။ ကျွန်တော့်အသက်  (၆၀) ကျော်၊ (၆၅) နှစ်လောက်ဆိုရင်တော့ အသင်းတစ်သင်းမှာ ကြာကြာနေဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်အသက်က ငယ်သေးတယ်။ စိန်ခေါ်မှုအသစ်တွေကို လိုချင်တယ်။ ဒါကိုက ကျွန်တော့် အိပ်မက်ပဲ’’လို့ဂွါဒီယိုလာက ဆိုပါတယ်။
ဘိုင်ယန်ရဲ့ဂျာမန်ဘောလုံးလောကအပေါ် ကြီးစိုးမှုကို ပိုမိုပီပြင်စေခဲ့တဲ့အပြင် ဥရောပရဲ့ အထင်ကရ အသင်းကြီး တစ်သင်းဖြစ်လာအောင် ပုံသွင်းပေးခဲ့တဲ့ ဂွါဒီယိုလာကို လက်လွှတ်ရတာဟာ အသင်းအတွက် အမှန်တကယ်နစ်နာတယ်လို့ တောင်ပံတိုက်စစ်သမား အာဂျန်ရော်ဘင်က ဖွင့်ဟခဲ့ပါတယ်။ ‘‘ဂွါဒီယိုလာ ထွက်သွားတော့မယ်ဆိုတာက တကယ်စိတ်ပျက်စရာပါ။ ဟုတ်တယ်။ ကျွန်တော်ဒီသတင်းကြောင့် မပျော်နိုင် ဖြစ်မိတာအမှန်ပဲ’’လို့ နယ်သာလန်သားက ပွင့်ပွင့်လင်းလင်းဝန်ခံပါတယ်။ ပြီးတော့ သူက ဂွါဒီယိုလာဟာ ဘောလုံးကို ဘဝနဲ့ထပ်တူ မြှုပ်နှံထားသူလို့လည်း ချီးကျူးခဲ့တယ်။ ‘‘ညကြီးသန်းခေါင် ဖုန်းဆက်ပြီး ဂွါဒီယိုလာနဲ့ ဘောလုံးအကြောင်း ဆွေးနွေးမလား။ ဖြစ်တယ်။ သူကဒါမျိုးဆို ဘယ်တော့မှစိတ်ဆိုးတဲ့သူ မဟုတ်ဘူး’’လို့ ရော်ဘင်က ဂွါဒီယိုလာနဲ့ ပတ်သက်လို့ သူ့အမြင်ကို ပြောပါတယ်။
တီကီတာကာ အမွေအနှစ်
ဂွါဒီယိုလာဟာ ဘာစီလိုနာ အရန်အသင်း နည်းပြဘဝကနေ ပထမအသင်းကို ၂၀၀၈ ခုနှစ်၊ ဇူလိုင်လဆန်းမှာ စတင်ကိုင်တွယ်ခွင့်ရလာခဲ့ပါတယ်။ အဲဒီနေ့ကစလို့ လေးရာသီအတွင်း ဘာစီလိုနာဟာကမ္ဘာ့သမိုင်းမှာအကောင်းဆုံး အသင်းတစ်သင်းအဖြစ် တောက်ပလာခဲ့တယ်။
အထူးသဖြင့် ဂွါဒီယိုလာသွတ်သွင်းခဲ့တဲ့ တီကီတာကာ ဘောလုံးကစားဟန်ဟာ ပြောစမှတ်တွင်လောက်တဲ့ နည်းဗျူဟာ ဆန်းသစ်မှု ဖြစ်လာပါတယ်။ လစ်ပီညွှန်းဆိုခဲ့တဲ့ ဘောလုံးတော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ တီကီတာကာဟာ အဓိက အစိတ်အပိုင်းက ပါဝင်နေမှာ အသေအချာပါပဲ။
တီကီတာကာဟာ ပြိုင်ဘက် ခြေထောက်ထဲ ဘောလုံးပိုင်ဆိုင်ခွင့် နည်းနိုင်သမျှ နည်းအောင် ဖိအားပေးပြီး ကိုယ့်ခြေထဲမှာ ဘောလုံးထားကစားတဲ့ ဗျူဟာတစ်ရပ်အဖြစ် ယေဘုယျလူသိများပါတယ်။ ဒါပေမဲ့ ဂွါဒီယိုလာရဲ့ ဂန္ထဝင်မြောက် နည်းစနစ်မှာ အနုစိတ်ညွှန်ကြားချက်တွေ အများကြီးနဲ့ အားဖြည့်ထားပါတယ်။ သူကံကောင်းခဲ့တာက နည်းပြ တောင်းဆိုတဲ့အတိုင်း လိုက်ကစားနိုင်တဲ့ လူအင်အားမျိုးဘာစီလိုနာမှာ ပိုင်ဆိုင်ထားခဲ့တာပါပဲ။ ဒါကြောင့်လည်း ဘာစီလိုနာဟာ ဂွါဒီယိုလာကိုင်တွယ်တဲ့ လေး နှစ်အတွင်း ဖလား ၁၄ လုံး ရတဲ့ထိ အောင်မြင်ခဲ့တယ်။
ဂွါဒီယိုလာဟာ တစ်နေရာတည်း ထူးချွန်နေတဲ့ ကစားသမားမျိုးတွေကို အလိုမရှိပါဘူး။ တိုက်စစ်ချည်းကစားတတ်တဲ့ တိုက်စစ်မှူးမျိုး၊ ခံစစ်ပိုင်းမှာပဲ အထူးကျွမ်းကျင်တဲ့ နောက်ခံလူမျိုးအတွက် ဂွါဒီယိုလာရဲ့ ဖီလော်ဆော်ဖီမှာ နေရာမရှိဘူး။ ပြိုင်ဘက်ကို ကွင်းလယ်မှာ ပိတ်ဆို့ပြီး ဖိအားပေးတဲ့အခါ ခံစစ်မှူးတွေက ကွင်းလယ်လူလို ဖြည့်ကစားပြီး တိုက်စစ်မှူးတွေကလည်း ကွင်းလယ်ထိ ပြန်ဆင်းနိုင်ရပါတယ်။ အသင်းသားတိုင်းစည်းချက်ညီညီရွေ့လျားနေဖို့ အရမ်းအရေးကြီးတယ်။ ဒါကြောင့် ခံစစ်မကစားတတ်ပေမယ့် တိုက်စစ်မှာ အင်မတန်ထူးချွန်တဲ့ လီယွန်နယ် မက်ဆီလိုကစားသမားလောက်ပဲ ဘာစီလိုနာမှာ ခြွင်းချက်အဖြစ် နေရာရခဲ့ပြီး ကျန်တဲ့ တစ်သင်းလုံးကတော့ ရှေ့နောက်လွန်းထိုးကစားရသူတွေချည်း ဖြစ်လာတယ်။ ဒီပုံစံခွက်ကို ဂွါဒီယိုလာက ဘိုင်ယန်မှာလည်း မပြောင်းလဲခဲ့ပါဘူး။ ရောဘတ် လီဝမ်ဒေါစကီးလို တိုက်စစ်မှူးတောင်ခံစစ်ကို မကူနိုင်လို့ အရန်ခုံ ရောက်သွားပြီးမှ ပိုလန်သားက ထူးထူးကဲကဲ ဂိုးသွင်းစွမ်းရည်တွေ ပြသနိုင်လွန်းလို့သာ နေရာပြန်ရလာတာ ဖြစ်ပါတယ်။
ဂွါဒီယိုလာလက်ထက် ဘာစီလိုနာမှာ ပါဝင်ကစားဖူးတဲ့ တိုက်စစ်မှူး သီအာရီ အွန်နရီက တီကီတာကာမှာ ကစားသမားတစ်ဦးချင်း တာဝန်ယူရတဲ့ဇုန်ဟာ သိပ်အရေးကြီးတယ်လို့ ရှင်းပြပါတယ်။ သူဟာ အဲဒီခေတ် ဘာစီလိုနာရဲ့ သုံးယောက်တန်း၊ ဘယ်ခြမ်းတိုက်စစ်မှာ ပုံမှန်ကစားလေ့ရှိပါတယ်။ အွန်နရီရဲ့ အဆိုအရ တီကီတာကာရဲ့ အနှစ်သာရဟာ နေရာအလိုက် တာဝန်ကျေမှုနဲ့ ကစားသမားအချင်းချင်း အကြွင်းမဲ့ ယုံကြည်မှု ဖြစ်တယ်လို့ သိရပါတယ်။ ‘‘ဆာဂျီယိုဘက်စ်ကွက်စ်က ပြိုင်ဘက်နဲ့ ဘောလုံးယှဉ်လုပြီးချိန်မှာ အန်းဒရက်စ်အင်နီယေစတာက နောက်ဆင်းလာပြီး ဘောလုံးတောင်းတာမျိုး မရှိဘူး။ သူ့နေရာမှာပဲ သူနေတယ်။ အသင်းဖော်က ကိုယ့်ဆီ ဘောလုံးရောက်အောင် မဖြစ်ဖြစ်တဲ့နည်းနဲ့ ပို့နိုင်မယ်လို့ သူက ယုံကြည်ပြီးသားလေ။ ဘက်စ်ကွက်စ်ကလည်း တကယ်ရောက်အောင် ပို့တာပဲ’’လို့ အွန်နရီက ပြောတယ်။
ဂွာဒီယိုလာက နေရာပုံသေ တာဝန်ယူမှုကို အရမ်းအလေးထားတာနဲ့ ပတ်သက်ပြီးလည်း အွန်နရီက ခုလို ရှင်းပြတယ်။ ‘‘ပွဲတစ်ပွဲမှာ ကျွန်တော်ဘောလုံးသိပ်မရဘူး။ ဒီတော့ နည်းနည်းပျင်းလာတယ်။ အဲဒါနဲ့ပဲ ကျွန်တော့် ဘယ်ခြမ်းနေရာကနေ ခွာပြီး တိုက်စစ် ဗဟိုနေရာကို ရွှေ့ကစားတယ်။ ဂိုးလည်း သွင်းနိုင်ခဲ့တယ်။ ပထမပိုင်းပြီးတော့ ကျွန်တော် ပျော်နေတာပေါ့။ ဂိုးရအောင် သွင်းပြခဲ့တာကိုး။ ဒါပေမဲ့ ဂွါဒီယိုလာကဘာလုပ်တယ်မှတ်သလဲ။ ကျွန်တော့်ကို လူစားလဲထုတ်လိုက်တယ်။ ခင်ဗျားတို့ နားလည်ထားဖို့က ဂွါဒီယိုလာ လက်အောက်မှာ ကစားပြီဆိုရင် သူ့အတွေးအခေါ်၊ သူ့ညွှန်ကြားချက်တွေကို တစ်သဝေတိမ်းလေးစားလိုက်နာရမယ်ဆိုတာပဲ’’လို့ ပြင်သစ်ဂန္ထဝင် တိုက်စစ်မှူးဟောင်းက ဆိုပါတယ်။
ဘိုင်ယန်အခန်းဆက်
ဘိုင်ယန်နည်းပြ ဘဝဟာ ဂွါဒီယိုလာရဲ့ အောင်မြင်မှု မှတ်တမ်းအခန်းဆက်လို့ ဆိုရပါမယ်။ ဘောလုံးနည်းပြ တစ်ယောက်ဟာ နည်းစနစ်ပိုင်းကို အချိန်နဲ့ တစ်ပြေးညီ မွမ်းမံအဆင့်မြှင့်နေဖို့ လိုပါတယ်။ ဒီလို ပြောင်းလဲနိုင်စွမ်းမရှိတဲ့ နည်းပြဟာ ရေရှည်မှာ ဘယ်လိုမှ မအောင်မြင်နိုင်ပါဘူး။ ဂွါဒီယိုလာဟာ ဘိုင်ယန်မှာတော့ သူအရမ်းအားသန်တဲ့ တီကီတာကာ မူပိုင်ဟန်ကနေ ခွဲထွက်ပြီး ဂျာမန် ဘောလုံးလောကရဲ့ စည်းကမ်းပိုင်း၊ စိတ်ဓာတ်ပိုင်း အားသာချက်တွေကို အသုံးပြုတဲ့ ဗျူဟာမျိုးကို သွတ်သွင်းလာပါတယ်။ ဒါပေမဲ့ ဘောလုံးပိုင်ဆိုင်မှုကို အားပြုလိုတဲ့ အခြေခံကတော့ မပြောင်းလဲဘဲ ကွင်းလယ်မှာ ငါးယောက်ထားကစားတဲ့ ပုံစံသစ်ကို ကျင့်သုံးလာတယ်။
ဂွါဒီယိုလာရဲ့ နည်းစနစ်အရ ဘိုင်ယန်ရဲ့ အထင်ကရ ကစားသမား တချို့ဟာ သူတို့ နှစ်ရှည်လများ ဖက်တွယ်လာတဲ့ အကောင်းဆုံး နေရာတွေကို စွန့်ခွာခဲ့ရပါတယ်။ တောင်ပံခံစစ်သမားတွေဖြစ်တဲ့ ဖိလစ်လမ်းနဲ့ ဒေးဗစ်အလာဘာတို့ဟာ ကွင်းလယ်ခံစစ်နဲ့ ဗဟိုခံစစ်ကစားသမားတွေ ဖြစ်လာတယ်။ စပိန်သား တစ်ယောက်ဖြစ်တဲ့တိုင် သူ့ဗျူဟာကို အပြည့်အဝမလိုက်နိုင်တဲ့ ဟာဗီမာတီနက်ဇ် ပွဲထွက်နေရာ ပျောက်သွားတယ်။ သူစိတ်တိုင်းကျ တည်ဆောက်ထားတဲ့ ဘိုင်ယန်မှာလည်း ဂွါဒီယိုလာက ၂ နှစ်အတွင်း ဖလားလေးလုံး ယူပေးခဲ့ပြီး ဒီရာသီမှာလည်း ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုအတွက် အလားအလာ ကောင်းနေပြန်ပါပြီ။ ဒါပေမဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာတော့ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
ဂွါဒီယိုလာအနေနဲ့ ဒီလောက်ကောင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားလျက်နဲ့ ဘိုင်ယန်ကို ဘာကြောင့် စွန့်ခွာသွားသလဲဆိုတဲ့ ပဟေဠိတွေတော့ ရှိပါတယ်။ အရိုးရှင်းဆုံးအဖြေကတော့ ဂျာမနီက ဘိုင်ယန်ပရိသတ်တွေရဲ့ ဝေဖန်မှုကြောင့် ဖြစ်နိုင်ပါတယ်။ ဘိုင်ယန်ပရိသတ် အချစ်တော် တိုနီခရူးစ်နဲ့ ဘက်စတီယန် ရှဝိန်းစတိုင်ဂါတို့ကို ရောင်းထုတ်ပြီး ဇာဘီအလွန်ဆိုနဲ့ သီယာဂိုအယ်လ်ကန်ထရာတို့လို စပိန်သားတွေကို ပြန်ဝယ်ခဲ့တဲ့ လုပ်ရပ်အပေါ် ပရိသတ်တွေရဲ့ အနုတ်လက္ခဏာဆန်ဆန်ဝေဖန်မှုတွေနဲ့ ဂွါဒီယိုလာ ကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့် အသင်းကို အအောင်မြင်ဆုံးထိန်းချုပ် ကိုင်တွယ်နေချိန်မှာ အပြောင်းအလဲတစ်ခုဆီ ဦးတည်ခဲ့ပုံပါပဲ။
ပရီးမီးယားလိဂ် စွန့်စားခန်း
ဂွါဒီယိုလာဟာ ကစားသမားဘဝမှာ အောင်မြင်မှုတွေ အများကြီးရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ နည်းပြဘဝ အောင်မြင်မှုကတော့ အများကြီးပိုကျယ်ဝန်းလာပါတယ်။ ဥရောပရဲ့ အဆင့်အမြင့်ဆုံး လိဂ်ပြိုင်ပွဲ သုံးရပ်မှာ စပိန်၊ ဂျာမနီနိုင်ငံတွေမှာတော့ သူ့ရဲ့အထွတ်အထိပ် အောင်ပွဲတွေကို ဆက်တိုက်ရရှိခဲ့ပြီးပါပြီ။ အခုတော့ လူပြောများတဲ့ ပရီးမီးယားလိဂ်ကို ရောက်လာပါတော့မယ်။ ပရီးမီးယားလိဂ်ရဲ့ ဘောလုံးအဆင့်အတန်းဟာ စပိန်နဲ့ ဂျာမနီလောက် မမြင့်ကြောင်းဝေဖန်မှုတွေရှိနေပေမယ့် အောက်ဆုံးအသင်းက ထိပ်ဆုံးအသင်းကို အချိန်မရွေး အနိုင်ယူသွားနိုင်တဲ့ အစဉ်အလာမျိုးတွေကြောင့် ပရိသတ်အာရုံကို အဖမ်းစားနိုင်ဆုံး ဖြစ်နေပါတယ်။ ဒီလိုဘက်ညီမှုမျိုးဟာ ဂွါဒီယိုလာအတွက် စိန်ခေါ်မှုအသစ်ဖြစ်လာမှာ သေချာပါတယ်။
လောလောဆယ် ဂွါဒီယိုလာကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေတာက မန်ချက်စတာ စီးတီးပါ။ ဘာစီလိုနာမှာ နည်းပြစဉ်က သူနဲ့ ရင်းနှီးခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွင် စီးတီးရဲ့ ထိပ်ပိုင်းတာဝန်တွေကို ယူထားခြင်းက အက်စ်တီဟတ်နဲ့ ဂွါဒီယိုလာ နီးစပ်ဖို့အလားအလာ အကောင်းဆုံးဖြစ်လာစေပါတယ်။ ဟိုဆေးမော်ရင်ဟိုကို ထုတ်ပယ်လိုက်တဲ့ ချယ်လ်ဆီးကလည်း ကမ္ဘာပေါ်မှာ အပြီးပြည့်စုံဆုံး ဘောလုံးနည်းပြရဲ့ အရည်အသွေး၊ ပါရမီတွေကို အသုံးချခွင့်ရဖို့ ချောင်းမြောင်းကြံစည်နေပါတယ်။ မန်ချက်စတာယူနိုက်တက်ကလည်း လူးဝစ်ဗန်ဂါးလ်ရဲ့ အောက်ကျနောက်ကျ ဒီဇင်ဘာဖြတ်သန်းမှု အပြီးမှာ ဂွါဒီယိုလာကို စိတ်ဝင်စားလာပုံ ပေါ်ပါတယ်။ ဒါပေမဲ့ လက်တွေ့ကျကျ သုံးသပ်ကြည့်ရင်တော့ စီးတီးဟာ သူ့အတွက် အဖြစ်နိုင်ဆုံးလားရာပါပဲ။
‘‘အင်္ဂလန်က ကမ်းလှမ်းမှု တချို့ကို ကျွန်တော်ရထားပါတယ်။ အားလုံးကို ဖြစ်နိုင်ခြေ အရပ်ရပ်ကနေ ချိန်ထိုးပြီး စဉ်းစားနေဆဲပါ။ ဒါပေမဲ့ အခုထိတော့ ဘာကိုမှ စိတ်မပိုင်းဖြတ်ရသေးဘူး’’လို့ ဂွါဒီယိုလာက မယုတ်မလွန် ပြောထားပါတယ်။ ဘာပဲဖြစ်ဖြစ် ပရီးမီးယားလိဂ်ဟာ ဂွါဒီယိုလာ ရောက်လာချိန်မှာ ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင်ရှိလာမှာ သေချာပါတယ်။ လစ်ပီညွှန်းဆိုခဲ့သလို ဘောလုံးလောကမှာ တော်လှန်ရေးတွေ လုပ်ပြခဲ့တဲ့ နည်းပြကောင်း တစ်ယောက်ဟာ အစိမ်းသက်သက် ဖြစ်နေတဲ့ ပရီးမီးယားလိဂ်ကို ချင်းနင်းဝင်ရောက်လာပါတော့မယ်။ ဒါဟာ သူ့သမိုင်းမှာ အောင်မြင်မှု မှတ်တိုင်သစ်တွေကို ဆက်လက် ရေးထိုးနိုင်မယ့် ခြေလှမ်းလား၊ အမည်းစက်စွန်းလာစေမယ့် အသွားမတော်တဲ့ ခြေတစ်လှမ်းလားဆိုတာကတော့ စိတ်ဝင်တစားစောင့်ကြည့်ရမယ့် ရင်ခုန်စရာ ပဟေဠိတစ်ခုပဲ ဖြစ်ပါတယ်။
.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.