Monday, April 25, 2016

အမြင့်ဆုံးဆုငွေ ကျပ်သိန်းတစ်သောင်းအထိ ပေးအပ်မည့် ကျပ် ၅၀၀ တန် အောင်ဘာလေထီစနစ် လုပ်ဆောင်ရန် အစိုးရအဖွဲ့ကို တင်ပြထားပြီး ယခုနှစ်အတွင်း စတင်မည်ဟု သိရ



အမြင့်ဆုံးဆုငွေ ကျပ်သိန်း တစ်သောင်းအထိ ပေးအပ်မည့် ထီတစ်စောင်လျှင် ကျပ် ၅၀၀ တန် အောင်ဘာလေထီစနစ် လုပ်ဆောင်ရန် အစိုးရအဖွဲ့ကို တင်ပြထားကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ  တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကျပ် ၅၀၀ တန်ထီစနစ်တွင် အမြင့်ဆုံးဆုငွေ ကျပ်သိန်း တစ်သောင်း၊ ကျပ်သိန်း ငါးထောင်၊ ကျပ်သိန်း တစ်ထောင်၊ ကျပ်သိန်း ငါးရာတို့အပြင် အနိမ့်ဆုံးဆုငွေ ကျပ် ငါးသောင်းအထိဖြစ်ကြောင်း သိရသည်။
ကျပ် ၅၀၀ တန် ထီစနစ်အား ကျပ် ၂၀၀ တန် ထီစနစ်အတိုင်း လစဉ် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ လက်ရှိ ကျပ် ၂၀၀ တန်ထီအား တစ်လလျှင် ထီစောင်ရေ သိန်း ၃၆၀ ကျော် အထိ ထုတ်လုပ်ရောင်းချသော်လည်း ကျပ် ၅၀၀ တန် ထီကိုမူ ယင်းပမာဏ၏ ထက်ဝက်ကျော်သာ ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း နှင့် ကျပ် ၅၀၀ တန် ထီစနစ် လုပ်ဆောင်ရာတွင် လက်ရှိ ကျပ် ၂၀၀ တန် ထီစနစ်ကိုလည်း ဖျက်သိမ်းမည် မဟုတ်ဘဲ ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။ 
“ကျပ် ၅၀၀ တန်ထီက ထပ်ထုတ်မှာပါ။ အဲဒီအတွက် ကျပ် ၂၀၀ တန်ထီကလည်း ဆက်ရှိနေဦးမှာပါပဲ။ ထီထိုးတဲ့သူက ကြိုက်ရာကို ထိုးပေါ့။ ၅၀၀ တန်ထီမှာ အက္ခရာတွေကတော့ ၂၀၀ တန်ထီ အတိုင်းပဲ။ ဒါပေမဲ့ ထီလက်မှတ်ကတော့ စင်ကာပူထီအတိုင်း ဖြစ်သွားမယ်။ ထီဖွင့်တဲ့ ပုံစံကတော့ ၂၀၀ တန် စနစ်အတိုင်းပဲ လစဉ် ၁ ရက်တိုင်း တစ်လတစ်ခါ ဖွင့်မှာ”ဟု အောင်ဘာလေသိန်းဆုဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကျပ် ၅၀၀ တန်ထီကို ပြည်သူများ စိတ်ဝင်စားမည်ဟု ခန့်မှန်းထားပြီး လက်ရှိအစိုးရအဖွဲ့ထံသို့ ယင်းကိစ္စကို တင်ပြထားပြီးဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း စတင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“အစိုးရအဖွဲ့ကို တင်ထားပြီးသား။ သူတို့က အသေးစိတ်လေ့လာပြီး ပြန်တင်ပြခိုင်းထားတယ်။ ဒါကြောင့် ဒီနှစ်ထဲမှာ စတင်မယ်”ဟု ၎င်းက ပြောကြားသည်။
လက်ရှိ ကျပ် ၂၀၀  တန်ထီ စနစ်တွင် လစဉ်ထီရောင်းရငွေ၏ ရာခိုင်နှုန်း ၆၀ အဖြစ် ခွဲဝေပေးပြီး ကျပ် ရာခိုင်နှုန်း ၄၀ ကို နိုင်ငံတော်အခွန်အဖြစ် သိမ်းဆည်းခြင်းဖြစ်ကြောင်း၊ ကျပ် ၅၀၀ တန်ထီတွင် ယင်းစနစ်အတိုင်းသာ ထီဆုမဲခွဲဝေပေးရန် လောလောဆယ် ဆုံးဖြတ်ထားသော်လည်း အစိုးရအဖွဲ့က ပြင်ဆင်ပါက ယင်းအတိုင်းသာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။            
Credit - Eleven         
Writer: 
ကျော်ထင်

လူမှုရေး မီဒီယာများတွင် သတိပြုရမည့် ထိပ်တန်းလိမ်လည်မှု (၅) မျိုး



လိမ်လည်သူများသည် လူမှုရေးမီဒီယာ သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်နှင့် ဘဏ္ဍာရေး အချက်အလက်များကို ရယူရန်အတွက် နာမည်ကျော် လူမှုရေးမီဒီယာ ကွန်ရက်များကို ပစ်မှတ်ထားလာ ကြသည်။

Facebook, Twitter, Instagram နှင့် LinkedIn ကဲ့သို့သော လူမှုရေးမီဒီယာကွန်ရက်များ၌ phishing တိုက်ခိုက်မှုပြုလုပ်ရန် ကြိုးပမ်းသည့်အရေအတွက်သည် ပြီးခဲ့သည့်နှစ်တွင် ၁၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လာခဲ့ကြောင်း Proofpoint လုံခြုံရေးကုမ္ပဏီမှ ပညာရှင်များက ပြောကြားသည်။

လိမ်လည်သူများသည် လူမှုရေးမီဒီယာကို အသုံးပြုပြီး လူထောင်ပေါင်းများစွာကို တစ်ပြိုင်နက် ပစ်မှတ်ထားကာ သုံးစွဲသူများအသွင် ဟန်ဆောင်ပြီး အမြတ်ထုတ်လျက်ရှိသည်။

ထို့အတွက်ကြောင့် လူမှုရေးမီဒီယာပေါ်တွင် သတိထားရှောင်လွှဲရမည့် လိမ်လည်မှု (၅) မျိုးကို ဖော်ပြလိုက်ပါသည်။

(၁) Twitter ပေါ်မှ customer service account အတုများ

အွန်လိုင်းဒုစရိုက်သမားများသည် ဘဏ်အချက်အလက်များနှင့် အခြားအရေးကြီးအချက်အလက်များ လိမ်လည်ရယူရန်အတွက် customer service account အတုများ ဖန်တီးကြသည်။ အဆိုပါ account အတုများသည် လုပ်ငန်းသုံး account အစစ်များနှင့် အလွန်တူညီသည်။ သို့ရာတွင် account အစစ်များ၏ နာမည်ကို စာလုံးတစ်လုံးချန်ထားခြင်း၊ underscore ထည့်ထားခြင်း သို့မဟုတ် အခြားကီးဘုတ်အက္ခရာထည့်ထားခြင်းတို့ဖြင့် ဖန်တီးပြုလုပ်ကြသည်။

တစ်စုံတစ်ဦးက ၎င်း၏ဘဏ်သို့ tweet များပေးပို့သည့်အခါ လိမ်လည်သူများက စကားပြောဆိုမှုကို ကြားဖြတ်ရယူပြီး အဖြေအစစ်အမှန်တစ်ခုအသွင်ဟန်ဆောင်ကာ အကြောင်းပြန်ကြားမှု ပြုလုပ်သည်။
၂။ နာမည်ကျော် post များမှ comment အတုများ

နာမည်ကျော် သတင်းဆောင်းပါး သို့မဟုတ် လူမှုရေးမီဒီယာ post တစ်ခုတွင် comment များစွာကို တွေ့မြင်ရနိုင်သည်။ လိမ်လည်သူများသည် လူအများ၏စိတ်ဝင်စားမှုကို အသုံးချကာ link များပါဝင်သည့် comment များကို ထည့်သွင်းပြီး အကြွေးဝယ်ကတ်လိမ်လည်မှုများ ပြုလုပ်သည်။



၃။ live-stream ဗီဒီယိုအတုများ

မီဒီယာကုမ္ပဏီများသည် ၎င်းတို့၏ show များနှင့် ရုပ်ရှင်များကို အွန်လိုင်းထံတွင် လွှင့်တင်မှုများ ပိုမိုပြုလုပ်လာကြသည့်အလျောက် လိမ်လည်သူများကလည်း live-stream ဗီဒီယိုအတုများ ဖန်တီးကာ ပစ်မှတ်ထားလာကြသည်။

၎င်းတို့သည် အားကစားအဖွဲ့တစ်ခု၏ Facebook စာမျက်နှာဖြင့် ပွဲစဉ်တစ်ခုအတွက် အခမဲ့ live-stream ကြည့်နိုင်သော link ကို comment များတွင် ထားရှိခြင်းဖြင့် ပြုလုပ်ကြသည်။ အဆိုပါ link များသည် ဗီဒီယိုစတင်ကြည့်ရှုရန်အတွက် ကိုယ်ရေးအချက်အလက်ထည့်သွင်းရန် တောင်းဆိုသော ဝက်ဘ်ဆိုက်အတုတစ်ခုထံသို့ ရောက်ရှိသွားစေမည် ဖြစ်သည်။



၎။ အွန်လိုင်းလျှော့ဈေး အတုများ

အွန်လိုင်းလျှော့ဈေးအတုများကလည်း customer service account အတုများအတိုင်း အလုပ်လုပ်သည်။ လိမ်လည်သူများသည် တကယ့်အစစ်အမှန် စီးပွားရေးလုပ်ငန်းများနှင့် တူညီသော လူမှုရေးမီဒီယာ account များဖန်တီးကာ လျှော့ဈေးဖြင့်ရောင်းချသည့်အသွင် ဟန်ဆောင်ပြီး လူအများ၏ ကိုယ်ရေးအချက်အလက်များကို ရယူသည်။



၅။ အွန်လိုင်းစစ်တမ်းနှင့် ပြိုင်ပွဲအတုများ

လိမ်လည်သူများသည် စစ်တမ်းဖြေဆိုရန် သို့မဟုတ် ပြိုင်ပွဲတွင်ပါဝင်ရန်အတွက် URL shortener များဖြင့် ပြုလုပ်ထားသော link တစ်ခုပါဝင်သည့် comment များကို post များတွင် ထည့်သွင်းရေးသားခြင်းဖြင့် ကိုယ်ရေးအချက်အလက်များကို ရယူကြသည်။

Credit- Internet Journal

Ref: CNNMoney
.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.