Monday, January 25, 2016

ကျားနှင့်မ လစာငွေ ကွာဟချက် များလွန်းပါက အမျိုးသမီးများသည် စိတ်ကျနိုင်ခြေနှင့် စိတ်ပူပန်နိုင်ခြေ ပိုများ




ကျားနှင့်မ လစာငွေ ကွာဟချက် များလွန်းပါက အမျိုးသမီးများသည် စိတ်ကျနိုင်ခြေနှင့် စိတ်ပူပန်နိုင်ခြေ ပိုများကြောင်း လေ့လာမှု တစ်ခုအရ သိရသည်။

ပညာလည်းတူ၊ အတွေ့အကြုံလည်း တူသော်လည်း အမျိုးသားများလောက် လစာမရရှိသည့် အမျိုးသမီးများသည် အမျိုးသားများထက် စိတ်ကျနိုင်ခြေ နှစ်ဆခွဲပိုများကြောင်း သုတေသန ပညာရှင်များက တွေ့ရှိခဲ့သည်။ စိတ်ကျမှုကို ခန္ဓာကိုယ်ရှိ ဇီဝဖြစ်စဉ်များနှင့် များစွာပတ်သက်သည်ဟု ယခင်က ယူဆခဲ့ကြသော်လည်း စိတ်ကျမှုသည် လူမှုရေးသက်ရောက်မှုများကြောင့်လည်း ဖြစ်နိုင်ကြောင်း ယခုတွေ့ရှိပါပြီဟု ကိုလမ်ဘီယာ တက္ကသိုလ်မှ ရောဂါဗေဒ ပါမောက္ခ ဒေါက်တာ ကက်သရင်း ကီးစ်က ပြောဆိုခဲ့သည်။

အသက် (၃၀ မှ ၃၅) နှစ်ကြား အမေရိကန် နိုင်ငံသား အရွယ်ရောက်ပြီးသူ (၂၂၅၈၁) ဦးအား သုတေသန ပြုချက်များ အပေါ် မူတည်ပြီး လေ့လာခဲ့ခြင်း ဖြစ်သည်။ အမျိုးသားများအား အမျိုးသားများနှင့် တူညီသော အလုပ်အကိုင်၊ ရာထူးရာခံကို လုပ်ကိုင်ခွင့် ပေးသော်လည်း လစာမှာမူ တန်းတူ မပေးထားပါက  ယင်းအမျိုးသမီးများ အတွက် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုးကျိုးများ ရှိလာခဲ့ကြောင်း သိပ္ပံပညာရှင်များက ပြောဆိုခဲ့သည်။

အမေရိကန် ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံများသည် အမျိုးသမီးများအား လိင်အပေါ် မူတည်ပြီး ခွဲခြားဆက်ဆံခြင်း မပြုရဟု ဥပဒေပြဋ္ဌာန်းပြီး ကာကွယ် ပေးထားသော်လည်း လူသိထင်ရှား မရှိသည့် ခွဲခြားမှုများမှာမူ ကျန်ရှိနေဆဲ ဖြစ်ကြောင်း သုတေသန ပညာရှင်များက ဆိုသည်။

ယင်းခွဲခြားမှုများတွင် အမျိုးသမီးများ လုပ်ကိုင်ရသည့် အလုပ်အကိုင်များ၏ အခွင့်အလမ်းရရှိမှု၊ ယင်းအလုပ်အကိုင်များ အပေါ် တန်ဖိုးထားမှုတို့ ပါဝင်သည်။ အကျိုးဆက်အဖြစ် အမျိုးသမီးများသည် ၄င်းတို့၏ လုပ်ဆောင်နိုင်စွမ်း အပေါ် ယုံကြည်ချက် နည်းလာကာ စိုးရိမ်စိတ်ဝင်ပြီး စိတ်ကျလာတတ်ကြောင်း သုတေသန ပညာရှင်များက ကောက်ချက်ချသည်။

Source : The Messenger

မွေးရာပါ သားအိမ်မပါတဲ့အမျိုးသမီး



ဓမ္မတာ မလာတဲ့ အတွက် ကျွန်မက ကံကောင်းတယ်လို့ လူတွေက ပြောကြတယ် ။ဒါပေမဲ့ အဲ့ဒါက ဘယ်လိုအရာမျိုးလဲဆိုတာ ကျွန်မကြုံဖူးချင်တယ် .....    

Jem Irwin ဆိုတဲ့ မိန်းကလေး တစ်ယောက်က အသက် ၁၅ နှစ်အရွယ်အထိ ရာသီသွေး မလာတာကြောင့်  ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး MRI ရိုက်ကြည့်တဲ့ အခါမှ သားအိမ်မပါလာဘူး ဆိုတာ သိခဲ့ရပါတယ်။ Jen က မိန်းကလေး ၅၀၀၀ မှာ ၁ ယောက်ဖြစ်လေ့ရှိတဲ့ Mayer-Rokitansky-Küster-Hauser syndrome( MRKH ) လို့ခေါ်တဲ့ ပုံမှန် မဟုတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။ ဒီရောဂါက မွေးရာပါ သားအိမ် နှင့် မွေးလမ်းကြောင်း မူမမှန်တဲ့ ရောဂါဖြစ်ပါတယ် ။ အသက် ၃၃ နှစ်ရှိနေပြီ ဖြစ်တဲ့ Jen က ဒီရောဂါက သူ့ရဲ့ ဆယ်ကျော်သက်ဘ၀အပေါ်ဘယ်လို သက်ရောက်ခဲ့သလဲ ဆိုတာကို ပြောပြခဲ့ပါတယ်။

ကျွန်မ ဆယ်ကျော်သက်ဘ၀မှာ အတန်းထဲက မိန်းကလေး သူငယ်ချင်းတွေက ဓမ္မတာကြောင့် ဗိုက်အောင့်လို့ ၊ခါးကိုက်လို့ ကျောင်းမတက်နိုင်ဘူးလို့ပြောကြတဲ့ အခါ ကျွန်မ နားမလည်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မလည်း ဒီလိုတွေ ခံစားရတယ်လို့ လိမ်ခဲ့ဘူးတယ်။ Jen က ခင်ပွန်းဖြစ်သူ Jason နဲ့ အသက် ၂၀ အရွယ်မှာ တွေ့ခဲ့ပြီး ၅ နှစ်အကြာမှာ လက်ထပ်ခဲ့ပါတယ်။ သူမရဲ့ MRKH ရောဂါက တခြားစုံတွဲတွေအတွက် ပြဿနာကြီး တစ်ခုဖြစ်နိုင်ပေမဲ့ သူတို့စုံတွဲ အတွက်တော့ အနှောင့်အယှက် တစ်စုံတစ်ရာ မပေးခဲ့ပါဘူး။

ကျွန်မ တစ်ခါက ထားခဲ့တဲ့ ရည်းစားကောင်လေး တစ်ယောက်ကို ကျွန်မရဲ့ရောဂါအကြောင်းပြောပြီး နောက်တစ်နေ့မှာပဲ လမ်းခွဲခဲ့ရပါတယ်။ ကျွန်မကိုယ်ကျွန်မ အားငယ်ခဲ့ရပါတယ်။ ကျွန်မခင်ပွန်းနဲ့ တွေ့တဲ့အခါမှာတော့ ကျွန်မ ချက်ချင်းအသိပေးခဲ့ပေမယ့် သူက နောက်မဆုတ်ခဲ့ပါဘူး။ တချို့ MRKH ဝေဒနာရှင်တွေက မွေးလမ်းကြောင်းမပါတာ။ တချို့က Jen လိုမွေးလမ်းကြောင်း တိုတာ ဖြစ်ပါတယ်။ မွေးလမ်းကြောင်းတိုတဲ့ အမျိုးသမီးတွေက သားအိမ်လမ်းကြောင်းကို ဆွဲဆန့်နိုင်တဲ့ ပလတ်စတစ် ကိရိယာလေးတွေ အသုံးပြုကြပါတယ် ။”ကျွန်မကတော့ ဒီကိရိယာတွေ အသုံးမပြုပါဘူး ။ယောက်ျားဖြစ်သူနဲ့ အတူနေတဲ့အခါ တစ်ခါတစ်ရံ အဆင်မပြေမှု အနည်းငယ် ရှိတာကလွဲလို့ နာကျင်မှု မရှိပါဘူး “လို့  Jen ပြောပါတယ် ။

MKRH ရောဂါရှင်တွေက ရာသီသွေးမလာသလို ကိုယ်ဝန်လည်း မဆောင်နိုင်တဲ့ အတွက် သူတို့ရဲ့ မျိုးဥတွေကို ဖန်ပြွန်သန္ဓေသားနည်းနဲ့  အငှားကိုယ်ဝန်ဆောင်ခိုင်းလို့ပဲ ရနိုင်ပါတယ် ။ဒါပေမဲ့ ဒီနည်းက အာမခံငွေ ရရှိဖို့ တာဝန်မခံနိုင်တဲ့အတွက် ကလေးမွေးစားခြင်းက အကောင်းဆုံး နည်းတစ်ခုပဲ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ မှာ Cleveland Clinic က နောက်လအနည်းငယ်အတွင်းမှာ သားအိမ်အစားထိုးပြီး ကိုယ်ဝန်ဆောင်နိုင်တော့ မှာ ဖြစ်နိုင်တယ်ဆိုတဲ့ သတင်းထူးတစ်ခုကို ကြော်ငြာခဲ့ပါတယ် ။    

“ကျွန်မ ကိုယ်ဝန်ဆောင်နိုင်ဖို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေမယ့် MRKH ဝေဒနာရှင်တွေ အတွက် မျှော်လင့်ချက်တွေ အကောင်အထည် ဖော်နိုင်တော့မှာတွေးပြီး စိတ်လှုပ်ရှားပျော်ရွှင်မိပါတယ် “လို့ Jen ကပြောခဲ့ပါတယ်။

Source : Trend Myanmar

အပျိုစင်ဘဝ ထိန်းသိမ်းနိုင်သူများကို ပညာသင်ဆုချီးမြှင့်



အထက်တန်းကျောင်း တက်ရောက်ခဲ့ချိန် ကာလတလျှောက် အပျိုစင်ဘ၀ကို ထိန်းသိမ်းလာခဲ့တဲ့ ဆယ်ကျော်သက် အပျိုစင် ၁၆ ဦးကို တောင်အာဖရိက မြို့တော်ဝန်က ပညာသင်ဆု ချီးမြှင့်လိုက်တယ်လို့ မြို့တော်ဝန်ရုံးက ဇန်န၀ါရီ ၂၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ မြို့တော်ဝန် ဒူဒူမာဇီဘူကိုဟာ နှစ်သစ်မှာ ဆန်းသစ်တဲ့ စိတ်ကူးတခုခု လုပ်ချင်ခဲ့တာဖြစ်ပြီး ခရိုင်တွင်း အပျိုစင်ဘ၀ကို ထိန်းသိမ်းထားနိုင်ခဲ့တဲ့ အမျိုးသမီးငယ်တွေကို ပညာသင်ဆု ပေးအပ်ခဲ့တာလို့ ယူပီအိုင်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီပညာသင်ဆု အစီအစဉ်ဟာ ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်မှု တိုက်ဖျက်ရေးနဲ့ အမျိုးသမီးငယ်တွေအနေနဲ့ သန့်စင်စွာ ပညာဆက်လက် သင်ယူနိုင်လာစေရေးကို တွန်းအားပေးချင်တာဖြစ်တယ်လို့ မြို့တော်ဝန်ရုံးက ပြောပါတယ်။ ၂၀၁၃ ခုနှစ်က တောင်အာဖရိကနိုင်ငံမှာ ဆယ်ကျော်သက် မိန်းကလေးငယ်တွေရဲ့ ၆ ရာခိုင်နှုန်းနီးပါးဟာ ကိုယ်ဝန်ဆောင်နေကြရတယ်လို့ ဆိုပါတယ်။ ဒီပညာသင်ဆု လျှောက်ထားတဲ့ အမျိုးသမီးငယ်တွေဟာ သူတို့ရဲ့ အပျိုစင်ဘ၀ကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်းကို အဆင့်ဆင့် စစ်ဆေးဖို့ သဘောတူညီကြရတာ ဖြစ်ပါတယ်။ မာဇီဘူကိုက တောင်အာဖရိက ရေဒီယိုအစီအစဉ်မှာ “ကျနော်တို့အနေနဲ့ ခင်ဗျားတို့ အပျိုစင်ဘ၀ကို နောက်သုံးနှစ်တာကာလ ဘွဲ့မရခင်ထိ ကိုယ်တိုင်ထိန်းထားနိုင်ကြဖို့ မျှော်လင့်ရင်း ကျေးဇူးတင်စကား ပြောချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။ တောင်အာဖရိကမြို့တော်ဝန်ရုံး အနေနဲ့ ခရိုင်တွင်း ထူးချွန်ကျောင်းသားတွေကို နှစ်စဉ် ပညာသင်ဆု ၁၀၀ ပေးအပ်နေတာဖြစ်ပြီး ခုပေးအပ်တဲ့ အစီအစဉ်ကတော့ ဒီနှစ်မှ စတင်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ 
DVB

ဘဝလက်တွဲဖေါ်



ဘဝဖော်ဆိုတာ ကိုယ်ကလွဲရင် ဘယ်သူကိုမှမယူဘူးဆိုတဲ့လူ မဟုတ်ပါဘူး။
ဘဝဖော်ဆိုတာ ကိုယ့်အားနည်းချက်အားလုံးကို သိသည့်တိုင် ကိုယ့်ကိုရွေးချယ်သူဖြစ်တယ်။
ဘဝဖော်ဆိုတာ ကိုယ်ကိတ်မုန့်ကြိုက်လို့ သူကိတ်မုန့်လိုက်ကြိုက်တဲ့လူ မဟုတ်ဘူး။
ဘဝဖော်ဆိုတာ ကိုယ်ကြက်ဥအကာစားပြီး သူကြက်ဥအနှစ်စားသူဖြစ်တယ်။
ဘဝဖော်ဆိုတာ မိုးချုပ်တာနဲ့ ကိုယ့်လက်ကိုဆွဲပြီး စားသောက်ဆိုင်ထဲဝင်တဲ့လူ မဟုတ်ဘူး။
ဘဝဖော်ဆိုတာ ကိုယ်အပြန်ကိုမျှော်ပြီး ထမင်းအတူစားဖို့ စောင့်နေသူဖြစ်တယ်။
ဘဝဖော်ဆိုတာ အချစ်အကြောင်းပဲဖွဲ့နွဲ့ပြီး "ချစ်တယ်"ဆိုတဲ့စကားကို ပါးစပ်ဖျားကမချသူ မဟုတ်ဘူး။
ဘဝဖော်ဆိုတာ ဆန်၊ ဆီ၊ ဆား၊ အိုးခွက်ပန်းကန်အကြောင်း မြည်တွန်တောက်တီး ပြောတတ်တဲ့သူဖြစ်တယ်။
ပျော်ရွှင်တဲ့အိမ်ထောင်ရေးမှာ ဘဝဖော်ဆိုတာ ကိုယ်အတွက် အတိအလင်း သတ်မှတ်ထားသူဖြစ်ရုံမက ကိုယ်နဲ့အတူ အိမ်ထောင်သက်တမ်းတလျှောက်မှာ အတိုင်အဖောက်ညီညီ ကြင်နာခြင်း၊ သာမန်ရိုးရှင်းခြင်း၊ နားလည်ခြင်း၊ ခွင့်လွှတ်ခြင်းတွေ မျှဝေပေးသူဖြစ်တယ်။

ဖားနဲ့တူတဲ့ ကလေးငယ် မွေးဖွားတဲ့ သတင်းကြောင့် လာကြည့်သူ ပြည့်သွားတဲ့ ဆေးခန်း




 အိန္ဒိယနိုင်ငံ အူတလမြို့ဆေးခန်းမှာ ဦးခေါင်းတစ်ဝက်နဲ့ မျက်လုံးများက အပြင်ကိုပြူးထွက်နေပြီး ဖားကလေး တစ်ကောင်နဲ့တူတဲ့ ကလေးတစ်ယောက်ကို မွေးဖွားလိုက်တာကြောင့် စိတ်ဝင်တစား လာကြည့်ကြတဲ့ ရွာသားတွေ ဆေးခန်းရှေ့မှာ ပြည့်သွားပါတယ်။

ဒီကလေးကို ဆာဝိသာလာနီဆိုတဲ့ အမျိုးသမီးက ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်က မွေးဖွားလိုက်တာဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အခေါ်အရ Anencephaly လို့ခေါ်တဲ့ အာရုံကြောမူမမှန် (neural tube defect) ဖြစ်ပွါးတာလို့ ဆရာဝန်တွေက ပြောပါတယ်။

"ဒီလိုဖြစ်ရတာဟာ အမေက ကိုယ်ဝန်ဆောင်ချိန်မှာ မစားသင့်တဲ့ အစားအစာတွေကို စားတာကြောင့် ကလေးကို ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ရတာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေ ကိုယ်ဝန်ဆောင်နေချိန်မှာ ဆရာဝန်တွေနားမှာ အဆက်မပြတ် စစ်ဆေးခံသင့်တာပါ။ မူမမှန်တာတွေ တွေ့တာနဲ့ သင့်လျော်တဲ့ နည်းလမ်းကို လမ်းညွှန်ပေးလို့ ရတာပေါ့”လို့ ဆာဝိသာလာနီကို မီးဖွားပေးခဲ့တဲ့ အသက်(၃၀) အရွယ် ဆရာဝန် လားထားက ဆိုပါတယ်။

ဒီလိုဖြစ်ရတာဟာ ကိုယ်ဝန်သုံးလေးပတ် အချိန်လောက်မှာ အာရုံကြောပြွန်အစွန်းနှစ်ခုဟာ ပြန်လှည့်ဝင်ပြီး ပိတ်ရမှာဖြစ်ပေမဲ့ မပိတ်တာကြောင့် ကလေးငယ်ရဲ့ ဦးခေါင်းခွံက အပြည့်အဝ မဖွံ့ဖြိုးနိုင်တော့တာပါ။
ဒါကြောင့် ကလေးရဲ့ ဦးခေါင်းခွံ ဦးနှောက်အမြှေးပါးနဲ့ အခြားအပိုင်းရဲ့လုပ်ငန်းကို ထိန်းချုပ်တဲ့ အကြီးဆုံး ဦးနှောက် ပါဝင်မလာပါဘူး။

ဒါပေမဲ့ ဦးနှောက်ဝင်ရိုးကို အမြှေးပါးပါးလေးသာ ဖုံးထားတာဖြစ်ပါတယ်။ ဒီလိုကလေးတွေဟာ အသက်ရှူနိုင်ပေမဲ့ အသိလည်းမရှိ၊ မမြင်နိုင်၊ မကြားနိုင်၊ နာကျင်တာကိုလည်း ခံစားမှု မရှိတတ်ဘူးလို့ သိရပါတယ်။

ဒီလိုကလေးလေးဟာ မွေးပြီး ၂ စက္ကန့် ၃စက္ကန့် ကနေ တစ်ရက်လောက်သာ အသက်ရှင်နိုင်ကြတာပါ။ တချို့တွေကတော့ ဆယ်ရက်လောက် အသက်ရှင်ကြတာရှိပေမဲ့ အင်မတန်နည်းတယ်လို့ သိရပါတယ်။

ဘာသာပြန်။ ။ ‪#‎နန်းမောက်ကွမ်‬
Ref;ilmattino.it
Tachileik News Agency

အအေးဘူးတွေကို ခေါင်းမှာကပ်ပြပြီး ပိုက်ဆံရနေသူ


သူရဲ့အရေပြားမှာရှိတဲ့ချွေးပေါက်တွေဟာ ဒီဘူးတွေကို စုပ်ထားသလိုဖြစ်နေတာလို့ ဆရာဝန်တွေကပြောပါတယ်။

အမေရိကန်နိုင်ငံက လူတစ်ဦးဟာ အအေးဘူးတွေကို ခေါင်းမှာကပ်ပြပြီး  ဝင်ငွေကောင်းနေပါတယ်။ Daily Mailရဲ့ ဖော်ပြချက်အရ ဂျေမီကီးတန်လို့ခေါ်တယ့်ဒီလူဟာ အီလီနွိုက်ပြည်နယ်ကဖြစ်ပြီး  သူ့ရဲ့ထူးခြားတဲ့ အသားအရေကြောင့် အရာဝတ္ထုတွေကို အခုလို ကပ်ထားနိုင်တာဖြစ်ပါတယ်။

သူရဲ့အရေပြားမှာရှိတဲ့ချွေးပေါက်တွေဟာ ဒီဘူးတွေကို စုပ်ထားသလိုဖြစ်နေတာလို့ ဆရာဝန်တွေကပြောပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်အပူချိန်ကလည်း သာမန်ထက်ပိုတာကြောင့်လည်း အရာဝတ္ထုတွေကို ကြာကြာကပ်ထားနိုင်တာဖြစ်တယ်လို့ သိရပါတယ်။
ကီးတန်ဟာ မကြာသေးခင်ကလည်း ခေါင်းပေါ်မှာ ဗူးတွေကပ်ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်တင်ထားသူလည်းဖြစ်ပါတယ်။ သူ့ရဲ့တစ်ပတ်ဝင်ငွေဟာ ဒေါ်လာ ၈၀၀၀ ရှိပါတယ်။

အသက် ၈ နှစ်အရွယ် မိန်းကလေး မစုဝေ ရိုက်နှက်ညှဉ်းပန်း ခံရမှုနှင့် ပတ်သက်ပြီးတရားစွဲဆို အရေးယူသွားမည်




ရန်ကုန်မြို့က အသက် ၈ နှစ်အရွယ် မိန်းကလေး မစုဝေ ရိုက်နှက်ညှဉ်းပန်း ခံရမှုနှင့် ပတ်သက်ပြီး ရိုက်နှက်သူ ဓေးသန်းနွဲ့ကို ကလေး သူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို အရေးယူသွားမည် ဖြစ်ကြောင်း ဗဟန်းမြို့နယ်တရားရုံး က ယနေ့ ညနေပိုင်းတွင် အမိန့်ချမှတ်လိုက်သည်။
မစုဝေ ရိုက်နှက်ညှဉ်းပန်းခံရမှုနှင့် ပတ်သက်ပြီး တိုင်တန်းချက် မှန်ကန်သည့်အတွက် ပဲခူးတိုင်း တောင်ငူမြို့တွင် နေထိုင်သည့် ဒေါ်သန်းနွဲ့အား လာရောက်စစ်ဆေးမှုခံယူရန် ဆင့်ခေါ်သည့် သမန်စာကို တောင်ငူမြို့နယ် ရဲတပ်ဖွဲ့ထံ ပေးပို့ဆင့်ခေါ်မည်ဖြစ်ပြီး လာမည့် ဖေဖော်ဝါရီ လ ၈ ရက်တွင် စစ်ဆေးမည်ဟု တရားစွဲဆိုသင့် မသင့် အမိန့်ချမှတ်သည့် ယနေ့ ရုံးချိန်း၌ ဗဟန်းမြို့နယ် တရားသူကြီး ဦးကျော်နိုင်က ပြောသည်။
ယနေ့ ရုံးချိန်းသည် ငါးကြိမ်မြောက် ရုံးချိန်းဖြစ်ပြီး ထိုအမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၇ ရက်က ဗဟန်းမြို့နယ် တရားရုံး၌ စတင် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
အရိုက်ခံရသည့် မိန်းကလေး မစုဝေ နှင့် မိခင်တို့ကို ရန်ကုန်မြို့ နတ်မောက် လမ်းရှိ အမျိုးသမီး အသက်မွေး အတတ်ပညာကျောင်း ၌ ပို့ဆောင်ထားကြောင်း သိရသည်။
ထိုအမှုဖြစ်စဉ်မှာ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ တိုက်အမှတ် 25 (C/4) နေအိမ်တွင် အသက် ၈ နှစ်အရွယ် မိန်းကလေး ငယ်တဦး ဒူးထောက်လျက်ရှိနေပြီး ထိုကလေး၏ လက်နှစ်ဘက်ကို အမျိုးသမီးတဦးက နောက်ပြန် ကြိုးတုတ်နေသည့် ဓာတ်ပုံများ နိုဝင်ဘာ ၁၉ ရက်က လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးမှု ပြုလုပ်ခဲ့ရာမှ ထိုအမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ယင်း အမှုနှင့်ပတ်သက်ပြီး အိမ်ရှင်ဖြစ်သူ ဗိုလ်မှူး ကျော်နုမော် အနေနှင့် သက်သေအဖြစ် ရဲစခန်းတွင် သွားရောက် စစ်ဆေးခံရန် ကျန်ရှိ နေသေးသည့် အတွက် တရားရုံးမှ ရုံးချိန်း နှစ်ချိန်းအထိ ထပ်မံ စောင့်ဆိုင်းခဲ့ရသည်။
ပြီးခဲ့သည့် စတုတ္တအကြိမ်မြောက် ရုံးချိန်းတွင်မှ ဗိုလ်မှူး ကျော်နုမော် သက်သေထွက်ဆိုခဲ့သည့် အတွက် ရဲ လုပ်ထုံးလုပ်နည်း တင်ပြ ချက် ပြည့်စုံခဲ့၍ ယခုကဲ့သို့ ဒေါ်သန်းနွဲ့အား တရားစွဲဆို အရေးယူရန် အမိန့်ချမှတ် နိုင်ကြောင်း သိရသည်။


မစုဝေ အမှုအား လိုက်ပါကူညီပေးနေသည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မမီးမီးက “ကျမတို့ကတော့ ဒီအမှု နဲ့ ပတ်သက်ပြီး တရားဥပဒေ အဆုံးအဖြတ်ကို စောင့်ကြည့်မှာပါ။ အစိုးရ အပြောင်းအလဲမှာ မြန်မာနိုင်ငံရဲ့ဂုဏ်က ဒီအမှုကို တရားဥပဒေအတိုင်း ဆောင်ရွက်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီအမှုက အားလုံးစိတ်ဝင်တစား စောင့်ကြည့်နေတဲ့ အမှုလို့လည်း ပြော လို့ ရပါတယ်”ဟု ပြောဆိုသည်။

့အတူအိပ်ယာမဝင်ချင်ဘူးပြောတဲ့ ခင်ပွန်းဖြစ်သူကို ဥပဒေမဲ့ ရိုက်နှက်


အမေရိကန်နိုင်ငံ ရှာလော့တီမြို့က အမျိုးသမီးတစ်ဦးဟာ သူမနဲ့အတူအိပ်ယာမဝင်ချင်ဘူးပြောတဲ့ ခင်ပွန်းဖြစ်သူကို ဥပဒေမဲ့ ရိုက်နှက်မှုတွေပြုလုပ်ခဲ့ပါတယ်။

Metro ရဲ့ဖော်ပြချက်အရ ဆွန်ဒရာအားလ်ကယ်လီ လို့ခေါ်တဲ့ အသက် ၅၁ နှစ်အရွယ်အမျိုးသမီးဟာ တီဗီကြည့်နေတဲ့ယောကျာ်းဖြစ်သူကို သူမနဲ့အတူအိပ်ယာဝင်ဖို့ပြောခဲ့ပါတယ်။ ဒါပေမဲ့ယောက်ျားဖြစ်သူက ငြင်းဆိုခဲ့တာကြောင့် ဒေါသဖြစ်သွားပြီး ပစ္စည်းတွေနဲ့ပေါက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ နံရပ်မှာချိတ်ထားတဲ့ နံချပ်ကူကိုပါ ဆွဲဖြုတ်ပြီး  ရိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ အားလ်ကယ်လီကို ပြင်းထန်တဲ့အိမ်တွင်းအကြမ်းဖက်မှုနဲ့ အမှုဖွင့်ထားပါတယ်။

"တူညီတဲ့တုန့်ပြန်မှုလေးတော့ရချင်မိတယ်"



“ကိုယ့်အပေါ်မှာ ကိုယ့်ထက်မပိုရင်နေပါစေ။ တူညီတဲ့ တုန့်ပြန်မှုလေးတော့ရချင်မိတယ်။” အဲဒီ သီချင်းစာသားလေးလိုပဲ လူအများစုဟာ တပါးသူကို ကိုယ်ပေးတဲ့အတိုင်းအတာအလျောက်တော့ ပြန်ရချင်ကြတယ်။ အဖြူစင်ဆုံးနဲ့ အကြီးမြတ်ဆုံး မေတ္တာထားရှိသူတွေဖြစ်တဲ့ မိခင်တွေကိုယ်တိုင်တောင်မှ မိမိသားသမီးတွေဆီက သိတတ်မှုဆိုတာလေးကို မျှော်လင့်တတ်ကြတယ်။
တချို့တွေကပြောတယ်။ တသက်လုံးပေးဆပ်ချစ်သွားနိုင်တယ်တဲ့။ တသက်လုံး အပြောနဲ့အလုပ် တထပ်တည်းညီနိုင်တဲ့သူ ရှားပါတယ်။ “ငါကတော့ ချစ်လိုက်ရတာ။ သူကတော့ ရက်စက်လိုက်တာ ၊ လုပ်ရက်လိုက်တာ ၊ နေနိုင်လိုက်တာ” စသဖြင့်သော ခံစားချက်တွေကို နေ့တိုင်း ၊ လတိုင်း ၊ နှစ်ရှည် ခံစားသွားရမယ်ဆို ခံစားချက်တွေနာလာတဲ့အခါ စိတ်ပါနာလာတယ်။ စိတ်နာလွန်းလို့ စိတ်ကုန်သွားပြီဆိုရင်တော့ ဒီလူ့အပေါ်မှာ ယခင်က ချစ်ခဲ့တဲ့ခံစားချက်ဆိုတာတွေ သတိမရနိုင်တော့ဘူး။ တသက်လုံး ပေးဆပ်ချစ်သွားနိုင်တယ်ဆိုတဲ့စကားလည်း တသက်တာ မထိန်းသိမ်းနိုင်တော့ပါဘူး။ ဒါတွေက ကိုယ်ပေးသလောက် တူညီတဲ့တုန့်ပြန်မှု နည်းနည်းဖြစ်ဖြစ် ၊ များများဖြစ်ဖြစ် ပြန်ရချင်ကြတာ လူ့သဘာဝလေ။
ချစ်သူတွေအချင်းချင်း မပေါင်းဖက်ရသေးရင် ကိုယ်ကပိုချစ်ရတဲ့သူဖြစ်ပါရစေပေါ့။ အမြဲတမ်း ကိုယ်ကချည်း အလျှော့ပေးချစ်နေရတယ်ဆိုရင်တော့ ခံပြင်းစိတ် ၊ သိမ်ငယ်စိတ်တွေ ဝင်လာပါပြီ။ ဒီကြားထဲ ပတ်ဝန်းကျင် (ကြားစကား)ရဲ့ ဝေဖန်သွေးထိုးစကားတွေ ပါလာရင်တော့ ရှက်ရွံ့စိတ်တွေပါ ဝင်လာနိုင်တယ်။ ချစ်လို့သာ သည်းခံနေတာ ၊ မာနစိတ်ကလေး အငုံရှိထားပြီးသားသူ ၊ ကိုယ်တိုင်ကလည်း အရည်အချင်းပြည့်ဝသူတွေက တဖက်သတ်ချည်း ပေးဆပ်ချစ်သွားမယ်ဆိုတဲ့အလုပ်ကို လုပ်ခဲပါတယ်။ သူတို့စိတ်ထဲ တဘက်လူက ဘာမို့လို့ ကိုယ့်ကို ပစ်ပစ်ခါခါဆက်ဆံရသလဲ ၊ ဒီလောက်လိုက်လျောဖြည့်စွမ်းပေးလျက်က နေနိုင်တဲ့သူ နေရစ်တော့လို့ စိတ်ကုန်တဲ့အချိန်မှာ ကျောခိုင်းသွားနိုင်တယ်။ မာနစိတ်ကလေးနဲ့ သူ့ထက်သာတဲ့သူကို ရှာတွဲပြပြီး တဘက်လူစိတ်ထဲ ကလိကလိဖြစ်အောင် လုပ်ပြမယ်။ အနိုင်ရလိုစိတ်နဲ့ တွဲရုံတင်မက လက်ထပ်ယူသွားတာလည်း ဖြစ်နိုင်သေးတယ်။
အချစ်ရေး ၊ အိမ်ထောင်ရေးချည်းပဲ ဒီလို တူညီတဲ့တုန့်ပြန်မှုကို လိုချင်ကြတာမဟုတ်ပါဘူး။ သူငယ်ချင်း ၊ မိတ်ဆွေ ၊ ဆွေမျိုးအချင်းချင်း ၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းတွေမှာလည်း သူတပြန် ၊ ကိုယ်တပြန်ဆိုတာကို လိုလားတယ်။ ကိုယ်က အကြိမ်ကြိမ် ကူညီခဲ့ပေမယ့် ကိုယ်လိုအပ်တဲ့အချိန်မှာ ကူညီနိုင်ရက်နဲ့ မကူညီဘူးဆိုရင် စိတ်ထဲမှာ ငြိုငြင်တေးမှတ်ထားလိုက်ပါပြီ။ နောင်သူအကူအညီတောင်းလာတဲ့အခါမှာ အရင်ကလို သဘောရိုးနဲ့ မကူညီနိုင်တော့ဘူးပေါ့။ ဒါကြောင့် ကိုယ့်အပေါ် ကူညီခဲ့ဖူးသူကို အခွင့်ကြုံတိုင်း ကိုယ်က ပြန်ကူညီဖို့ လိုအပ်ပါတယ်။
မြန်မာတွေ မရိုင်းတတ်ဘူးဆိုပေမယ့် တချို့ ရိုင်းတဲ့သူတွေကတော့ ရိုင်းကိုရိုင်းတာပါ။ မသိတတ်တဲ့သူက သိကို မသိတတ်တာ။ ပြောပြရင်တောင် မသိချင်ယောင်ဆောင်တဲ့သူတွေ ၊ ရယ်ကျဲကျဲနဲ့ အရူးကွက်နင်းပြီး ဘာမှမဟုတ်သလို ပေါ့ပေါ့တွေး ၊ ပေါ့ပေါ့လုပ်သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ခံစားချက်ဆိုတာဟာ ထပ်ခါထပ်ခါ နာအောင် ကစားလို့မရဘူး။ စိတ်မှတ်ရှိတဲ့သူတိုင်း ခံနိုင်ရည်အတိုင်းအတာကိုယ်စီ ရှိကြတယ်မဟုတ်လား။ ဒီသည်းခံနိုင်ရည်ကို ကျော်လွန်အောင် လုပ်ခဲ့မိပြီဆိုရင်တော့ လူကောင်းတစ်ယောက် ဆုံးရှုံးရတော့မှာပေါ့။
ပညာရေးဘက်မှာလည်း ကျောင်းသားမိဘက ရင်းရတဲ့ငွေ နဲ့ အချိန်တန်အောင် အသိပညာတွေ တိုးတက်တာမျိုး လိုလားသလို ဆရာတွေကလည်း ကိုယ်စေတနာထား သင်ပေးတာနဲ့တန်အောင် တပည့်တွေက ဂရုတစိုက်သင်ယူပြီး ကြိုးစားကြတာမျိုးကို လိုလားပါတယ်။ ငွေပေးထားတယ်ဆိုတဲ့အချိုးနဲ့ ပညာကို တန်ဖိုးမထားလုပ်ပြမယ် ၊ ဆရာရဲ့စေတနာနဲ့ သင်ပြမှုကို အလေးမထားလုပ်မယ်ဆိုရင် တကယ်စေတနာထားတဲ့ဆရာဟာ ဒီလိုမိဘနဲ့ ဒီလိုတပည့်မျိုးဆီက ငွေကြေးကို ကျောခိုင်းသွားနိုင်ပါတယ်။ ဒီအခါ ဆရာကောင်း ဆုံးရှုံးရမှာပေါ့။ ငွေအသပြာပေးတိုင်း စေတနာကို ဝယ်လို့မရနိုင်ဘူးလေ။ တကယ်စေတနာကောင်းတဲ့ဆရာ ၊ ဆရာမတွေဟာ ငွေအသပြာမျက်နှာကို မကြည့်ဘဲ ကျောင်းသားတွေရဲ့ သင်ယူလိုမှု ၊ မိဘတွေရဲ့ စေတနာထက်သန်မှုဆိုတာတွေကိုကြည့်ပြီး အိတ်စိုက်သင်ပေးကြတဲ့ ဆရာ ၊ ဆရာမတွေလည်း ဒီခေတ်ကြီးထဲမှာ ရှိပါသေးတယ်။

စီးပွားရေးဘက်မှာဆိုရင် ကိုယ်ရင်းသလောက်တော့ အရင်းပြန်ရချင်တယ်။ အခါခါမရှုံးလိုကြဘူး။  အမြတ်ရဖို့ စီးပွားရေးလုပ်ကြတာမဟုတ်လား။ ဈေးတန်းထဲ ဈေးဝင်ဝယ်ရင်တောင် ကိုယ်ပေးတာထက်တန်အောင်ရဖို့ ဈေးဆစ်တတ်ကြတယ်။ ဈေးဆစ်လွန်းသူတွေကျေနပ်အောင် ဈေးလျှော့သလိုနဲ့ အလေးခိုးထည့်လိုက်တာ သိရပြီဆိုရင် ဈေးဝယ်သူမှာ ဒေါသူပုန်ထပြီပေါ့။ လူတွေဟာ ကိုယ်ပေးတာနဲ့တန်အောင် ရချင်ကြတာ သဘာဝလေ။ ပိုရလေ ပိုကောင်းလေလို့ လောဘလေးစွက်တတ်တာလည်း လူ့သဘာဝလို ဖြစ်နေပါပြီ။
နောက်ဆုံးမှာ သာသနာရေးဖြစ်တဲ့ သာသနာပြု ဘုန်းတော်ကြီးတွေဟာ ကိုယ်ရဲ့ ပညာအား ၊ အချိန်အားတွေရင်းပြီး ဟောပြ ၊ ပြောပြကြတယ်ဆိုပေမယ့် တကယ် တရားဘက်မှာ စိတ်သန်တဲ့သူကို ပိုတိုးပြီး ဟောပြ ၊ သင်ပြချင်ကြတယ်။ ဟင်းအိုးမွှေတဲ့ယောင်းမလို တရားနဲ့အနီးကပ်နေပြီး တရားကို မသိသူတွေကျတော့ ဟောပြောဆုံးမပြုပြင်လို့ မရကြတာတွေရှိပါတယ်။ ဘုန်းကြီးရဲ့ ဒကာ ၊ ဒကာမ အရင်းထဲမှာတင် ဘုန်းကြီးဟောသမျှတရားတွေ အလွတ်နီးပါး အကုန်ရနေကြပေမယ့် ဒီတရားအတိုင်း လိုက်နာကျင့်သုံးနိုင်တဲ့သူ ရှားနိုင်ပါတယ်။ ဒါကို တရားဟောပုဂ္ဂိုလ်တွေ အသိဆုံးဖြစ်မှာပါ။
တချို့ ဒကာ ၊ ဒကာမတွေက ဘုန်းကြီးဟောတဲ့တရားအတိုင်း လိုက်နာကျင့်သုံးကြဖို့ထက် တရားဟောကောင်းတဲ့ ဘုန်းကြီးတွေကို ပုဂ္ဂိုလ်ရေးကြည်ညိုရာက သဒ္ဒါကျွံနေကြတာ ၊ ပညာကိုလေးစားရာက ပုဂ္ဂိုလ်ကို တွယ်မက်လာတာ ၊ နောက်ဆုံးမှာ ဒီပုဂ္ဂိုလ်နောက် တကောက်ကောက်လိုက်နေရတာကို ဂုဏ်တခုလို သာယာနေတာ ၊ ဆရာရင်း ၊ ဒကာရင်း ၊ ဆွေရင်းမျိုးရင်းဖြစ်ရတာတွေကို မာန်တက်နေကြတာ စသဖြင့် တရားနားနေပြီး တရားနဲ့ လားရာဆန့်ကျင်နေသူတွေလည်း ရှိကြပါတယ်။ သူတို့ရဲ့ ဆရာရင်း ဘုန်းတော်ကြီးတွေကိုယ်တိုင်က သူတို့ကို ဟောပြောဆုံးမဖို့ထက် တကယ်တရားသိချင် ၊ ကျင့်ချင်တဲ့ တရားနာပရိသတ်ကိုပဲ ဟောပြချင်ကြတယ်။ ချွတ်လို့မကျွတ်သူတွေကို သူ့ကံအတိုင်းထားလိုက်ကြတာပါ။
လူတွေဟာ ကိုယ်ပေးသလောက် ကိုယ်ပြန်ရလိုကြတယ်။ ဖြစ်နိုင်ရင် ကိုယ်ပေးတာထက် ပိုရလိုကြတယ်။ အနည်းဆုံးတော့ ကိုယ်ပေးတာကို အသိအမှတ်ပြုတဲ့ တုန့်ပြန်မှုလေးတော့ ပြန်လိုချင်တယ်။ ထမင်းကောင်း ၊ ဟင်းကောင်း ပူပူနွေးနွေး ချက်ပြုတ်ပြင်ဆင်ပြီး ခူးခပ်ကျွေးတဲ့ဇနီးဟာ သူ့ကို အိမ်သားတွေက မကူချင်ရင်နေ “ဟင်းကမွှေးနေတာပဲ ၊ လက်ရာက စားကောင်းလိုက်တာ ၊ ကျေးဇူးပဲ ၊ ဘာကူရဦးမလဲ” စတာတွေကို ကြားလိုကြပါတယ်။ မကူရင်နေပါ။ “ဘယ်လိုဟင်းတွေချက်မှန်းမသိဘူး ၊ တခါလာလည်းဒါ ၊ နောက်တခါလာလည်းဒါ ၊ အရသာကဆိုးရွားလိုက်တာ” စသဖြင့်သော စကားတွေ ကြားရပြီဆိုရင်ဖြင့် ချက်ပြုတ်ကျွေးချင်စိတ် ကုန်ခမ်းလာပါပြီ။ ပင်လည်းပင်ပန်းသေးတယ် ၊ အပြောလည်းခံရသေးတယ်ဆိုရင် နေ့စဉ် ၊ လစဉ် ၊ နှစ်ရှည် စိတ်ရှည်ရှည် ချက်ပြုတ်ကျွေးမွေးတဲ့အလုပ်ကို မိခင်တွေအပြင် ဇနီးတွေက ရေရှည်မလုပ်လိုကြပါဘူး။ ချေးများငြူစူတဲ့ခင်ပွန်းကို အပြောခံပြီးပြုစုဖို့ထက် သူ့အကြိုက် သူ့ဘာသာသူ ထွက်စားစေလိုက်တာဟာ နွေးထွေးမှုပျက်ပြယ်လာခြင်းအစများ ဖြစ်နေမလားနော်။
မိခင်တွေက ကိုယ့်ဝမ်းနဲ့လွယ်မွေးထားတဲ့ သွေးသားမို့ သူတို့ဘာပြောပြော တသက်တာနီးပါး ခွင့်လွှတ်ပေးနိုင်ပေမယ့် သူစိမ်းတွေအတူနေတာမျိုးဖြစ်တဲ့ ဇနီး ၊ ချစ်သူ ၊ သူငယ်ချင်းမိတ်ဆွေ ၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းမှာတော့ ကိုယ်ပေးတာနဲ့တူညီတဲ့ တုန့်ပြန်မှုပြန်ရလိုကြပါတယ်။ သူကကြင်နာလေ ကိုယ်ကပိုပြုစုယုယချင်လေဆိုတာ မိန်းမသားတွေပါ။ ကိုယ်ရောလက်ပါ မလုပ်ပေး ၊ မပြုစုတတ်သည့်တိုင် ဇနီးကို အမြဲလို ချီးမွမ်းပြောဆိုတတ်သူ ၊ ဇနီးနဲ့ သားသမီးကို ခင်တွယ်တဲ့ခင်ပွန်းကို ဇနီးမယားတွေက ပိုပြီးတန်ဖိုးထား ကြည်ညိုကြပါတယ်။ ဒီလင် ၊ ဒီသားအတွက်ဆိုပြီး မာန်တင်းလို့ မနေမနား ပိုကြိုးစားပြုစုပေးချင်ကြတယ်။
တူညီတဲ့တုန့်ပြန်မှုလေးတွေ မပေးမိလို့ ၊ အနိုင်လိုချင်ဇောနဲ့ ငြူစူစကားတွေချည်းပဲပြောနေမိလို့ ၊ ပေါ့ရော့သွားမှာစိုးစိတ်နဲ့ အသိအမှတ်မပြုတာတွေရှိနေလို့ ၊ ရောင့်တက်မှာစိုးစိတ်နဲ့ အားပေးချီးမြှောက်တာတွေ မလုပ်ဖူးလို့ ၊ ဘာလို့ ညာလို့ဆိုတဲ့ စိတ်ထဲကအကြောင်းပြချက်တွေကြောင့် ကိုယ့်အနားရှိနေတဲ့ ကိုယ့်အပေါ်အကောင်းဆုံးလူတွေကို ဆုံးရှုံးရနိုင်ပါတယ်။ သူ့ကြောင့် စိတ်ချမ်းသာ ၊ အဆင်ပြေမှုတွေ ခံစားရတယ်ဆိုရင် သူ့အပေါ်မှာကိုယ်က တူညီတဲ့တုန့်ပြန်မှုလေး ပေးမိပါရဲ့လားလို့ နေ့စဉ်ပြန်သုံးသပ်မိမယ်ဆိုရင်ဖြင့် ပျော်ရွှင်တဲ့လူမှုဆက်ဆံရေးကို ထူထောင်နိုင်ပါပြီ။
ရတု (Burmesehearts.com)

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.