Saturday, January 9, 2016

လာမည့်ဧပြီလတွင်ကျင်းပမည့် အကယ်ဒမီဆုပေးပွဲအတွက်ဇကာတင်ဇာတ်ကားများအားစတင်စီစစ်ရွေးချယ်လျက်ရှိ


၂၀၁၅ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆု စိစစ်ရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး စတင်စိစစ် ရွေးချယ်မှုများ ပြုလုပ်လျက်ရှိ


၂၀၁၅ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုစိစစ် ရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး စတင်စိစစ် ရွေးချယ်မှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

ပထမဆုံးအကြိမ် နှစ်နှစ်စာကျင်းပမည့် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို ဧပြီ ၃ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်ရန် အကြမ်းဖျင်း လျာထားသတ်မှတ်ထားကြောင်း သိရသည်။


ယခုပြုလုပ်မည့် အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်များ အတွက် ထူးချွန်ဆုများ ပေးအပ်မည်ဖြစ်ကာ ၂၀၁၄ ခုနှစ်အတွက် အကယ်ဒမီဆုများကို ရွေးချယ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်အတွက် အကယ်ဒမီဆု ရွေးချယ်စိစစ်ရေး အကဲဖြတ်အဖွဲ့တွင် ဒါရိုက်တာဆုအတွက် ဥက္ကဋ္ဌ ဒါရိုက်တာမောင်နှင်းမိုး၊ အဖွဲ့ဝင်များအဖြစ် ဒါရိုက်တာဦးထွန်းအောင်ဇော်၊ ဦးသက်မောင်မောင်၊ ဦးမျိုးဇော်အောင်၊ ဦးစိုးထိုက်အောင်တို့ ပါဝင်မည်ဖြစ်ပြီး သရုပ်ဆောင်ဆုအတွက် ဒေါ် မြင့်မြင့်ခင်၊ ဦးဌေးအောင်၊ ဒေါ်ဝါ၀ါဝင်းရွှေ၊ ဦးလွင်မိုး၊ ဒေါ်ဆွေဇင်ထိုက်၊ ဦးခင်မောင်ချင်း၊ ဒေါ်ချစ်ချစ်ဇော်တို့က ပါဝင်စိစစ် အကဲဖြတ်မည် ဖြစ်သည်။ ဓာတ်ပုံဆုအတွက် ရုပ်ရှင်ဓာတ်ပုံပညာရှင် ဦးထွန်းလှိုင်၊ ဦးအောင်ကိုလတ်၊ ဦးဖေမြင့်ဦး၊ ဦးတင်အောင်၊ ဦးအေ၀မ်းသိန်းထွဋ်တို့ ပါဝင်အကဲဖြတ်မည် ဖြစ်ကြောင်း သိရသည်။


ဇာတ်ညွှန်းဆုအတွက် ရုပ်ရှင်ဇာတ်ညွှန်း ပညာရှင် ဦးမြင့်ဦးဦးမြင့်၊ ဒေါ်ယဉ်ယဉ်လဲ့၊ ဦးဇော်မြင့်ဦး၊ ဦးမြတ်ဆွေ၊ ဦးမြင့်ဆောင် တို့က ပါဝင်အကဲဖြတ်မည်ဖြစ်ကာ အသံဆုအတွက် ဦးချစ်ဆွေ၊ ဦးအေးမြင့်၊ ဦးမောင်စံ (သာဓု)၊ ဦးဆန်းဦး၊ ဦးကိုမြင့် (သမန်းကျား) တို့က စိစစ်အကဲဖြတ်မည် ဖြစ်ကြောင်း သိရသည်။ တည်းဖြတ်ဆုအတွက် ရုပ်ရှင်တည်းဖြတ် ပညာရှင် ဦးတင်ငြိမ်း၊ ဦးထွန်းကျော်၊ ဦးဆွေဆက်၊ ဦးတက်ကီ၊ ဒေါ်မြင့်မြင့်ကြည် တို့က ပါဝင်အကဲဖြတ်မည် ဖြစ်ကြောင်း သိရသည်။


ရုပ်ရှင်နောက်ခံ တေးဂီတဆုကို တေးဂီတ ပညာရှင်စန္ဒရား ဦးကွန်းဇော်၊ တယော ဦးတင်ရီ၊ ဦးလှဆန်းဦး၊ ဦးမောင်မောင်လတ်၊ ဦးသက်တို့က စိစစ်အကဲဖြတ်မည် ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ဇာတ်ကားများမှာ မင်္ဂလာလှည်း၊ လူကြီးမင်းခင်ဗျား၊ ချစ်စံအိမ် ၂၀၂၈၊ ကျွန်မကနှင်းဆီပါမောင်၊ ဤအရာကို အချစ်ဟုခေါ်သလား၊ အောင်ဘာလေ၊ ကျူးပစ်ရဲ့ကျေးကျွန်များ၊ မဟာဆန်တဲ့ မာယာမျက်နှာဖုံး၊ နက္ခတ်မှားတဲ့တိုက်ပွဲ၊ မောင့်အိမ်သူ၊ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား၊ ရောင်နီဦး၏ အလင်းရောင်နှင့်အတူ၊ ကျွန်တော့်ရည်းစားဘုရားမှာနေသည် ဇာတ်ကားများဖြစ်ကြောင်း သိရသည်။ ရုံတင်ပြသခဲ့သည့် ဇာတ်ကားများတွင် ဟာသဦးစားပေး ဇာတ်ကားများနှင့် ချစ်ခြင်းမေတ္တာဖွဲ့ ဇာတ်ကားများ၊ မိသားစု ဒရာမာဇာတ်ကားများ ပါဝင်ထားသည်။


အကယ်ဒမီ ထူးချွန်ဆု စိစစ်ခြင်းကို ယခုအဖွဲ့ဖြင့်သာ အပြီးသတ် စစ်ဆေးသွားမည်ဖြစ်ပြီး ရုံတင်ပြသခဲ့သည့် ဇာတ်ကား ၁၃ ကားအား အကြိမ်ကြိမ်စစ်ဆေး၍ ဆုတစ်ခုချင်းစီအလိုက် အရည်အချင်း ပြည့်မီသူများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

စိစစ်အကဲဖြတ်ရေး အဖွဲ့သည် ၂၀၁၅ ခုနှစ်အတွက် ရွေးချယ်စိစစ်ခြင်းကို ၂၀၁၆ ခုနှစ်မတ်လတွင် အပြီးသတ် ရွေးချယ်မည် ဖြစ်ကြောင်း သိရသည်။
Writer: 
လင်းလင်းခိုင်

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.