ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကြေးရုပ်တုများ ထားရှိမည့် အာဇာနည်ရင်ပြင် တောင်တွင်းကြီးမြို့၌ တည်ဆောက်လျက်ရှိ
မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် လွတ်လပ်းရေး ဗိသုကာကြီး၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးခဲ့သော အာဇာနည် ခေါင်းဆောင်ကြီး ရှစ်ဦး၏ ကြေးရုပ်တုများ ထားရှိမည့် အာဇာနည် ရင်ပြင်ကို မကွေးတိုင်း တောင်တွင်းကြီးမြို့ မကွေးလမ်းနှင့် နတ်မောက်လမ်းထောင့် ဗိုလ်ချုပ်ပန်းခြံအတွင်း တည်ဆောက်လျက်ရှိပြီး ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ၁၀၁ နှစ်ပြည့်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ယင်းရင်ပြင် ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးမြင့်အောင်ထံမှ သတင်းရရှိသည်။
အလျား ၄၅ ပေအနံ ၂၂ ပေခြောက်လက်မ အကျယ်ရှိ အဆိုပါ ရင်ပြင်အတွင်း အမြင့် ကိုးပေ၊ အကျယ် ကိုးလက်မနှင့် ကြေးပိဿာ ၃၆၀ ရှိ ဗိုလ်ချုပ်အောင်ဆန်း မတ်တတ်ရပ် ကြေးရုပ်နှင့် အမြင့်သုံးပေနှင့် ကြေးပိဿာ ၁၀၀ ခန့်ရှိ အာဇာနည် ခေါင်းဆောင်ကြီး ရှစ်ဦး၏ ကိုယ်တစ်ပိုင်းပုံ ကြေးသွန်းရုပ်တုများ ထားရှိသွားမည် ဖြစ်ကြောင်း အဆိုပါ ရုပ်တုများကို မန္တလေးမြို့ တမ္ဗ၀တီရပ် ချမ်းသာအောင် ကြေးသွန်းလုပ်ငန်းတွင် သွန်းထုလျက်ရှိကြောင်း ထိုရင်ပြင်အတွက် ဗိသုကာ ဒီဇိုင်းများအား ကိုမင်းနောင်က ရေးဆွဲပေးထားကြောင်း ယင်းရင်ပြင်နှင့် ဗိုလ်ချုပ်ကြေးရုပ်ကို ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး အာဇာနည် ခေါင်းဆောင်ကြီး ရှစ်ဦး၏ ရုပ်တုများကို ဇူလိုင် ၁၉ ရက် (အာဇာနည်နေ့) တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့မြို့မှာ အရင်ကတည်းက အာဇာနည် ကျောက်တိုင်တော့ ရှိခဲ့ပါတယ်။ အခုတော့ မြန်မာနိုင်ငံမှာ မရှိဖူးသေးတဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ ရုပ်တုတွေပါ အားလုံးထားရှိသွားမှာပါ။ ဖေဖော်ဝါရီ ၁၃ရက် ဗိုလ်ချုပ် ကြေးရုပ်ဖွင့်ပွဲနေ့မှာ သံဃာတော် ၁၀၁ ပါးကိုလည်း ဆွမ်းကပ်လှူမှာပါ။ ဒီလိုထားရှိရတာက တိုင်းပြည်အတွက်၊ လွတ်လပ်ရေးအတွက် အသက်ပေးသွားကြရတဲ့ ခေါင်းဆောင်ကြီးတွေကို မျိုးဆက်သစ် လူငယ်တွေက အမြဲအမှတ်ရနေစေဖို့၊ ဒီရုပ်တုကြီးတွေကိုကြည့်ပြီး အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ စိတ်ဓာတ်မျိုးတွေ မျိုးဆက်သစ် လူငယ်တွေမှာ ကိန်းအောင်းစေချင်လို့ပါ” ဟု ဦးမြင့်အောင်က ပြောကြားသည်။
အဆိုပါ အာဇာနည်ရင်ပြင်နှင့် ဗိုလ်ချုပ် ကြေးရုပ်အတွက် အများပြည်သူ လှူဒါန်းမှုများဖြင့် တည်ဆောက်ခဲ့ကြောင်း အာဇာနည် ခေါင်းဆောင်ကြီးများ၏ ရုပ်တုများအတွက် တစ်ဦးချင်း အလှူရှင်များက လှူဒါန်းထားပြီး ရုပ်တုနှစ်ခုအတွက် အလှူရှင် မရှိသေးကြောင်း ဗိုလ်ချုပ်ကြေးရုပ်အတွက် ကျပ် ၁၃၅ သိန်းခန့် ကုန်ကျပြီး အာဇာနည် ခေါင်းဆောင်ကြီးများ၏ ရုပ်တုတစ်ခုလျှင် ကျပ်သိန်း ၄၀ ခန့် ကုန်ကျကြောင်း မကွေးတိုင်းအတွင်း မင်းဘူး၊ စကု၊ ချောက်၊ ဂန့်ဂေါမြို့များနှင့် သရက်ခရိုင် ပုဏ္ဏားကျေးရွာတို့တွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဗိုလ်ချုပ်ရုပ်တုများ ထားရှိရန် စီစဉ်ခဲ့ပြီး ချောက်မြို့တွင်သာ ဗိုလ်ချုပ်ကြေးရုပ် ဖွင့်လှစ်ပြီးခဲ့ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သတင်းရရှိသည်။

Writer:
အောင်သူငြိမ်း (မကွေး)

0 comments:
Post a Comment