Wednesday, January 13, 2016

တရုတ်အမျိုးသားနှင့် လက်ထပ် ရန် ရောင်းစားခံခဲ့ရသူ မကွေးမြို့မှ အမျိုးသမီးငယ် နှစ်ဦးမှာ တရုတ်ရဲစခန်း၌ အကူ အညီ တောင်းခံနိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ






မန္တလေးမြို့တွင် အလုပ်ရမည်ဟုဆို၍ တရုတ်နိုင်ငံမှ တရုတ်အမျိုးသားနှင့် လက်ထပ်
ရန် ရောင်းစားခံခဲ့ရသူ မကွေးမြို့မှ အမျိုးသမီးငယ် နှစ်ဦးမှာ တရုတ်ရဲစခန်း၌ အကူ
အညီ တောင်းခံနိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

မကွေးမြို့ ဗိုလ်ချုပ်လမ်းရှိ “ဟန်ဟေရို” အလှပြင်ဆိုင်တွင် အလုပ်သင်အဖြစ်
လုပ်ကိုင်နေသူ မကွေးမြို့ သိင်္ဂါဂီရိ ရပ်ကွက်နေ အသက် ၁၇ နှစ်အရွယ်ရှိ
အမျိုးသမီးသည် ဆိုင်သို့ မကြာခဏ လာရောက်တတ်သည့် မမိဆောင်း ဆိုသူက
မန္တလေးမြို့ရှိ အလှပြင်ဆိုင်တွင် အလုပ်သွင်းပေးမည်ဟု ပြောဆိုခဲ့သဖြင့် လိုက်ပါ
သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မန္တလေးတွင် တစ်လလျှင် ကျပ်ရှစ်သောင်းဖြင့် အလုပ်သွင်းပေးမည်ဟု ဆိုသဖြင့်
အလှပြင်ဆိုင်မှ အမျိုးသမီးက ၎င်းနှင့်အတူ သူငယ်ချင်းဖြစ်သူပါ ၂၀၁၅ ခုနှစ်
နိုဝင်ဘာ ၃၀ ရက်တွင် လိုက်ပါသွားခဲ့ကြခြင်း ဖြစ်သည်။

“မကွေးကနေ အောင်လံကို ခေါ်ဆောင်သွားပြီး အောင်လံမြို့ ရထားဝန်းမှာနေတဲ့
ဒေါ်ခင်စန်းဝင်း ဆိုသူနဲ့ မမိဆောင်းရဲ့ခင်ပွန်းဆိုသူတို့ကို ဝင်ခေါ်ပြီး မန္တလေးကို
ဆက်သွားခဲ့ကြတာပါ။ မန္တလေးရောက်တဲ့ အခါမှာလည်း ပြင်ဦးလွင်မှာ ပစ္စည်းဝယ်ဖို့
ငွေကျပ်သိန်း ၂၀ သွားယူရမယ်ဆိုပြီး ဆက်ခေါ်သွားရာက မူဆယ်ကို ရောက်သွား
တာပါ” ဟု လူကုန်ကူးခံရသူ အမျိုးသမီးတစ်ဦးက ပြောသည်။

မူဆယ်သို့ ရောက်သည့်အခါ အသင့်စောင့်ကြိုနေသည့် မင်းထိုက် (ခ) ကျားကြီး
ဆိုသူက တရုတ်နိုင်ငံ ရွှေလီမြို့သို့ ထပ်မံခေါ်ဆောင်သွားခြင်းကို ခံခဲ့ရကာ
မမိဆောင်း၊ ဒေါ်ခင်စန်းဝင်းနှင့် မင်းထိုက် (ခ) ကျားကြီးတို့က မကွေးမြို့မှ
ခေါ်ဆောင်လာသည့် အမျိုးသမီးနှစ်ဦးကို တရုတ်ယောက်ျားနှင့် ယူရမည်ဟု
ခြိမ်းခြောက် ပြောဆိုမှ ၎င်းတို့ လူကုန်ကူးခံရခြင်း ဖြစ်ကြောင်း သိခဲ့ရသည်ဟု
လူကုန်ကူးခံရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“နောက်တစ်နေ့မှာ မင်းထိုက်ရဲ့ဇနီး မမွန်မွန်ဆိုသူက ကျွန်မတို့ကို မြန်မာငွေ ၇ သိန်း
လောက် တန်ဖိုးရှိတဲ့ ရွှေဆွဲကြိုးတစ်ကုံးစီနဲ့ ရွှေလက်စွပ် တစ်ကွင်းစီပေးပြီး
တရုတ်အမျိုးသား ပွဲစားဆီမှာ အရောင်းခံလိုက် ရတာပါပဲ” ဟု လူကုန်ကူးခံရသည့်
အမျိုးသမီးက ပြောသည်။

တရုတ်ပွဲစားကလည်း ၎င်းတို့အား တရုတ်နိုင်ငံ ဟဲနမ်ပြည်နယ် ချွမ်းတာမြို့သို့
ခြောက်ညအိပ် ခရီးကို ကားဖြင့် ထပ်မံခေါ်ဆောင်ခဲ့ပြီး တရုတ် အမျိုးသားတစ်ဦးနှင့်
ပေါင်းသင်းစေခဲ့သဖြင့် လူကုန်ကူးခံရသူ အမျိုးသမီးတစ်ဦးက မိမိလက်ကောက်ဝတ်
အား လက်သည်းညှပ်မှ ဓားဖြင့် လှီးဖြတ်ခဲ့သဖြင့် ဆေးခန်းရောက်ရာမှ အကူအညီ
ရခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အဲလို ဒဏ်ရာရသွားလို့ မြန်မာအမျိုးသမီး တစ်ဦးရဲ့အကူအညီနဲ့ ဆေးခန်းတစ်ခုကို
သွားပြပြီး အနီးမှာရှိနေတဲ့ တရုတ်ရဲစခန်းတစ်ခုဆီကို ထွက်ပြေးပြီး အကူအညီ
တောင်းခံ ခဲ့တာကြောင့် ကျန်နေတဲ့ ကျွန်မရဲ့ သူငယ်ချင်း ကိုပါ တရုတ်ရဲတွေရဲ့
ကူညီကယ်တင်မှုနဲ့ မူဆယ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုဆီကို ဇန်နဝါရီ
၆ ရက်မှာ လွှဲပြောင်းပေးခဲ့ပြီး ဇန်နဝါရီ ၉ ရက်မှာ မကွေးမြို့ကို ပြန်လည် ရောက်ရှိခဲ့
တာပါ” ဟု လူကုန်ကူးခံရသည့် အမျိုးသမီးက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လူကုန်ကူးသူ မမိဆောင်း အပါအ၀င် ၅ ဦးတို့အား
ဥပဒေအရ အရေးယူပေးရန် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် မကွေးမြို့မ ရဲစခန်းမှ
(ပ)၁၂/၂၀၁၆၊ ၂၀၀၅ ခုနှစ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄၊ ၃၂
ဖြင့် အမှုဖွင့်ပြီး တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း မကွေးမြို့မ ရဲစခန်းမှ
သိရသည်။

သတင်း - MMK
The Ladies News Journal

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.