ကူဝိတ်ဘောလုံးအဖွဲ့ချုပ်ကို အစိုးရမှဝင်ရောက်စွက်ဖက်သဖြင့် ကူဝိတ်နှင့်မြန်မာ ပွဲတွင် မြန်မာအသင်းကကူဝိတ်အသင်းအား ၃- ၀ ဖြင့်အနိုင်သတ်မှတ်
ဇန်နဝါရီ ၁၄၊ ရန်ကုန်။ ။ ကူဝိတ်ဘောလုံးအဖွဲ့ချုပ်ကို အစိုးရမှဝင်ရောက်စွက်ဖက်သဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)မှ ဒဏ်ကြေးငွေ ပေါင် ၆၈၇၂ပေါင်နှင့်အတူ မြန်မာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ၂၀၁၈ကမ္ဘာ့ဖလားခြေစစ်ပွဲကိုလည်း ၃-၀ ဂိုးဖြင့် အရှုံးပေးခဲ့ရသည်။
ကမ္ဘာ့ဖလားခြေစစ်ပွဲ ၆ပွဲမြောက်အဖြစ် ကူဝိတ်အသင်းသည် မြန်မာအသင်းနှင့်အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစား ရမည်ဖြစ်ပြီး ယင်းပွဲစဉ်ကစားခွင့်ကို ဖီဖာမှ ပိတ်ခဲ့သဖြင့် ၃ဂိုး၊ ၃မှတ်ဖြင့် အရှုံးပေးခဲ့ရခြင်းဖြစ်သည်။
ကူဝိတ်အသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲမှ ထုတ်ပယ်ခြင်းမရှိသေးသည့်အတွက် လက်ရှိအုပ်စုတွင်းတွင် ရမှတ် ၁၀မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။ မြန်မာအသင်းမှာ ကူဝိတ်အသင်းနှင့် ပထမအကျော့ဆုံတွေ့ခဲ့စဉ်က ၉-၀ဂိုးဖြင့် ဂိုးပြတ်ရှုံးထားပြီး ဒုတိယအကျော့ပွဲစဉ်ကို ၃ဂိုး၃မှတ်ရခဲ့သည့်အတွက် ရမှတ် ၇မှတ်ဖြင့် အုပ်စု စတုတ္ထနေရာတွင် ရပ်တည်နေသည်။
ကူဝိတ်ဘောလုံးအသင်းကို ဖီဖာက နိုင်ငံတကာပြိုင်ပွဲများကစားခွင့် ခေတ္တပိတ်ထားသဖြင့် ဘရာဇီးနိုင်ငံတွင် ကျင်းပမည့် ရီယိုဒီဂျေနီယို အိုလံပစ်ပြိုင်ပွဲကိုလည်းလွဲချော်မည်ဖြစ်သည်။ မြန်မာအသင်းမှာ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုနောက်ဆုံးပွဲအဖြစ် မတ်လ ၂၉ရက်တွင် လက်ဘနွန်နှင့် အဝေးကွင်းပွဲကစားရမည်ဖြစ်သည်။

0 comments:
Post a Comment