မိန်းကလေးချစ်သူနှင့်အလည်သွားသောကြောင့် သူငယ်ချ င်း ဖြစ်သူ အားဓါတ်ဆီနှင့်လောင်းကာမီးရှို့
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၃)အုပ်ချုပ်ရေးနယ်မြေကင်မလင်း ကျွန်းရပ်ကွက် ကန်သာယာ(၂)လမ်းတွင် ဇန်နဝါရီ ၂ ရက် မွန်းလွဲပိုင်းက မိန်းကလေးချစ်သူနှင့် အပြင်ထွက်လည်သူ အမျိုးသား သူငယ်ချင်းကို ကြာ လွန်းသည်ဟု စွပ်စွဲပြစ်တင်ကာ အတူနေအမျိုးသားသူငယ်ချင်းက အသင့် ဆောင်ထားသော ဓာတ်ဆီနှင့်ပက်၍ မီးရှို့ခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အဏ္ဏဝါသိပ္ပံဘွဲ့ရရှိပြီး ရပ်ကွက်အတွင်း GOD OF WAR အမည်ရှိ ဂိမ်းဆိုင်ဖွင့်၍ စီးပွားရှာကာ အတူတကွနေထိုင်ကြသော သူငယ်ချင်း နှစ်ဦးထဲမှ အသက် ၂၈ နှစ်ရှိ ကိုအေးမင်းသိန်းသည် ချစ်သူမိန်းကလေးနှင့် ပုသိမ်မြို့တွင်း အလည်အပတ်ထွက်ရာ အသက် ၂၅ နှစ်ရှိ ကိုဝေဖြိုးပိုင်က ကြာလွန်းသည်ဟု စွပ်စွဲပြစ်တင်၍ အသင့်ဆောင်ထားသော ဓာတ်ဆီ နှင့်ပက်ကာ ဂက်စ်မီးခြစ်ဖြင့် မီးရှို့ခဲ့ခြင်းဖြစ်သည်။ ကိုအေးမင်းသိန်းသည် မီးရှို့ခံရသဖြင့် ခါးနှင့်ကျောပြင်တွင် မီးလောင် ဒဏ်ရာအချို့၊ ယာဘက်လက်ကောက်ဝတ်တွင် မီးလောင် ဒဏ်ရာအချို့၊ ဝဲဘက်လက်ချောင်းငယ်များတွင် မီးလောင်ဒဏ်ရာအချို့ရရှိကာ ထိုနေ့ တွင်ပင် ပုသိမ်မြို့ဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူနေရပြီး အသက် အန္တရာယ်စိုးရိမ်ဖွယ်မရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးအောင်နိုင်မိုးက ပြောကြားသည်။ “သူတို့နှစ်ဦးက ပထမနှစ် ကျောင်းသားဘ၀ထဲက အတူနေလာကြတာ။ လူချောလူသန့်လေး တွေပါ။ ရပ်ကွက်ထဲမှာ အရက်သောက် ရမ်းကား ရန်ဖြစ်တာမျိုး မရှိခဲ့ဘူး။ မီးရှို့ခံရသူ မောင်အေးမင်းသိန်းက ဒီလမ်းသားပါ။ ဝေဖြိုးပိုင်က သာပေါင်းမြို့ သစ်တောအရာရှိတစ်ဦး သားပါ။ ဓာတ်ဆီနဲ့ မီးခြစ်ကို အသင့်ဆောင်ထား ပုံရတဲ့အပြင် အခင်းဖြစ်တဲ့ အိမ်ထဲမှာလည်း ပုလင်းဖင်ကို ရိုက်ခွဲ့ထားတာ စစ်ဆေးတွေ့ရှိရတယ်”ဟု ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးမှ ရာအိမ်မှူး ဦးလှငွေကဆိုသည်။ မီးရှို့ခံရသူ ကိုအေးမင်းသိန်းက မိမိအားမီးလောင်နေသည်ကို အော်ဟစ် အကူအညီတောင်းကာ ရပ်ကွက်လမ်းအတွင်းပြေးလာရာ ကိုဝေဖြိုးပိုင်က နောက်မှမီးခြစ်ကိုကိုင်ကာ ပြေးလိုက်လာသဖြင့် ရပ်ကွက်အတွင်း နေထိုင် သူများက ဝိုင်းဝန်းထိန်းသိမ်းခဲ့ရကြောင်း ၎င်းကရှင်းပြသည်။ “ကိုဝေဖြို့းပိုင်နဲ့ ကျွန်တော့်ညီက ရိုးရိုးသားသား သံယောဇဉ်ရှိသူတွေပါ။ ဆယ်တန်းအောင်ကတည်းက ခင်ခဲ့ကြတာပါ။ နှစ်ယောက်စလုံးမှာ မိန်းကလေးချစ်သူတွေ ရှိခဲ့လို့ နှစ်ဦးသဘောတူ ဖြတ်ခဲ့ကြတယ်။ ကျွန်တော့် ညီလည်း သူ့ရဲ့သူငယ်ချင်း ယောက်ျားလေးရော၊ ချစ်သူမိန်းကလေးနဲ့ ပါမပတ်သက်တော့ဘူး။ သူတို့နှစ်ယောက်ရဲ့ သံယောဇဉ်က ထူးခြားပါတယ်။ ၂၀၁၃ ခုနှစ်က ကျွန်တော့်ညီခေါင်းကို တုတ်နဲ့ ဝေဖြိုးပိုင်က ရိုက်လို့ သုံးချက်ချုပ်ရတယ်။ နောက်နေ့ ပြုံးပြုံး ရွှင်ရွှင်နဲ့အတူနေကြတာပါပဲ။ ခုလည်း ကျွန်တော့်ညီက သူ့သူငယ်ချင်းကို အမှုမဖွင့်ဖို့ တဖွဖွပြောနေတော့ မိသားစုက ဘာလုပ်ရမှန်းမသိဖြစ်နေတယ်” ဟု မီးရှို့ခံရသော ကိုအေးမင်းသိန်း၏အစ်ကို ဖြစ်သူက ဆိုသည်။ မီးရှို့ခံရသူ ကိုအေးမင်းသိန်း၏မိခင်ဖြစ်သူ ဒေါ်ညွှန့်စိန်၏ တိုင်ကြားချက်အရ ကိုအေးမင်းသိန်းနှင့်အတူနေ ယောက်ျားလေးသူငယ်ချင်း ကိုဝေဖြိုးပိုင်ကို ပြစ်မှုအမှတ် (ပ)၃/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၂၆ အပြင်းအထန်နာကျင် စေမှုဖြင့် ပုသိမ်မြို့မရဲစခန်းက ဖမ်းဆီးကာ အမှုဖွင့်စစ်ဆေး အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးအောင်နိုင်မိုးက ပြောကြားသည်။
The Voice Weekly

0 comments:
Post a Comment