သူ၏ မိသားစုနှင့်ပတ်သတ်၍ အသရေပျက်မည့်အရေးသားများဆက်လက်ဖြန့်ဝေပါက အရေးယူမည်ဟု စိုးသူ သတိပေး
သရုပ်ဆောင် အဆိုတော်စိုးသူက လူမှုကွန်ရက်စာ မျက်နှာပေါ်၌ ၎င်းအပါအ၀င် ၎င်း၏ မိသားစုများကို အသရေပျက်စေသည့် အသုံးအနှုန်းများ ရေးသား၊ ဖြန့်ဝေပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ပြီး နိုင်ငံရပ်ခြားတွင်နေထိုင်သူ ဖြစ်ပါကလည်း သက်ဆိုင်ရာ မြန်မာသံရုံးများမှတစ်ဆင့် တရားရင်ဆိုင်ရန် ဆင့်ခေါ်မည်ဖြစ်ကြောင်း ရှေ့နေမှတစ်ဆင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။
အဆိုပါ အကြောင်းအရာကို ဦးစိုးသူလွင်(ခ)စိုးသူ၏ ရှေ့ နေမှတစ်ဆင့် ဇန်န၀ါရီ ၁ ရက်တွင် နိုင်ငံပိုင်သတင်းစာများမှ ကြေညာခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၂၄ ရက်က Daily Eleven သတင်းစာတွင် ကြေညာချက်(သရုပ်ဆောင် စိုးမြတ်နန္ဒာ၏ ကြေညာချက်)ကို စိုးသူ၏ဇနီးဟောင်း ဒေါ်ခင်မြမြ၀တ်မှုံဆွေက ၎င်းနှင့် ပတ်သက်ခြင်းမရှိဘဲ ထိုကြေညာချက်ကို ဖေ့စ်ဘွတ်ခ်၌တင်၍ စိုးသူနှင့်အခြားသူများ နစ်နာထိခိုက်စေမည့် အများပြည်သူအထင်လွဲမှားစေနိုင်သော အကြောင်းအရာကို ရေးသားကာ ဖေ့စ်ဘွတ်ခ်တွင် တင်ခဲ့သည်ဟု ထုတ်ပြန်ကြေညာချက်၌ ရေးသားထားသည်။
စိုးသူနှင့် ဒေါ်ခင်မြမြ၀တ်မှုံဆွေတို့ ပတ်သက်မှုမရှိတော့သည့် အကြောင်းကိုလည်း ခုနစ်အလိုက် ရေးသားထားသည်။ ဦးစိုးသူလွင်နှင့် ဒေါ်ခင်မြမြ၀တ်မှုံဆွေသည် ၂၀၀၁ တွင် လက်ထပ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု၌နေထိုင်ခဲ့ကာ ၂၀၀၆ ၌ သမီးတစ်ဦးထွန်းကားခဲ့သည်။ ထို့နောက် ၂၀၀၇ မှစတင်၍ အိမ်ထောင်ရေး အဆင်မပြေမှုများရှိခဲ့သော်လည်း သမီးဖြစ်သူ စိတ်မဆင်းရဲစေရန်နှင့် နှစ်ဖက်မိဘများ၏ မျက်နှာကိုထောက်ကာ ကွာရှင်းပြတ်စဲခြင်းအဆင့်သို့ မရောက်ခဲ့ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
သို့သော်လည်း ဒေါ်ခင်မြမြ၀တ်မှုံဆွေဘက်က လွတ်လပ်ခွင့်ပေးရန် တောင်းဆိုခဲ့၍ အချိန်တစ်ခုအထိ ကိုယ့်လမ်းကိုယ်လျှောက်ကြရန် သဘောတူညီခဲ့ကြပြီး ယင်းအချိန်မှစ၍ သမီးဖြစ်သူ၏ ကိစ္စမှလွဲ၍ ဒေါ်ခင်မြမြ၀တ်မှုံဆွေနှင့် ကိုယ်ရေးကိုယ်တာ ဆက်သွယ်မှု မရှိခဲ့ဟုပါရှိသည်။ အမေရိကန်ပြည်ထောင်စုရှိ စိုးသူ၏ပိုင်ဆိုင်မှုများကိုလည်း ဒေါ်ခင်မြမြ၀တ်မှုံဆွေကို အပြီးလွှဲပြောင်းပေးခဲ့ပြီး ရန်ကုန်မြို့တွင် ပညာသင်ကြားနေသော သမီးဖြစ်သူ၏ ကျောင်းစရိတ်ကိုလည်း လက်ရှိအထိ ဦးစိုးသူလွင်က တာဝန်ယူထားသည်ဟု ရေးသားထားသည်။
ထို့ပြင် အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်ရှိ တရားရုံးတွင် ဒေါ်ခင်မြမြ၀တ်မှုံဆွေတစ်ဦးတည်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ၂၀၁၄ မတ်လ ၅ ရက်၌ အပြီးသတ် ကွာရှင်းပြတ်စဲခွင့်တောင်းခံခဲ့ပြီး တရားရုံးမှ ကွာရှင်းခွင့်ပေးခဲ့သည်ဟု ရေးသားထားသည်။ ဒေါ်ခင်မြမြ၀တ်မှုံဆွေအနေဖြင့် တစ်ဖက်သတ် ကွာရှင်းခွင့်တောင်းခံခဲ့ခြင်းဖြစ်၍ စိုးသူ၏ လူမှုရေး၊ စီးပွားရေးကိစ္စများတွင်ပါဝင်ပတ်သက်ခွင့်မရှိကြောင်း ရေးသားထားသည်။
စိုးသူသည် ၂၀၁၂ ကတည်းက မိခင်ဖြစ်သူ၏ ကျန်းမာရေးကိစ္စအတွက် သမီးဖြစ်သူ အိန်ဂျယ်စိုးသူလွင်နှင့်အတူ ပြန်လာခဲ့ပြီး လက်ရှိအထိ မြန်မာနိုင်ငံတွင်နေထိုင်၍ အနုပညာလုပ်ငန်းများ လုပ်ကိုင်လျက် ရှိသည်။
ဒီဇင်ဘာ ၂၄ ရက်တွင် ရုပ်ရှင်သရုပ်ဆောင် စိုးမြတ်နန္ဒာက လူမှုကွန်ရက်စာမျက်နှာများ၌ အသရေပျက်စေရန် စော်ကားပုတ်ခတ်ရေးသားသူများကို ဆက်သွယ်ရေးပုဒ်မအရ တိုင်ကြားအရေးယူမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အဆိုပါ ကြေညာချက်ကို စိုးသူ၏ ဇနီးဟောင်းက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်တင်၍ တုံ့ပြန်ခဲ့ပြီး တစ်ပတ်ခန့်အကြာ၌ စိုးသူက အထက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

0 comments:
Post a Comment