Wednesday, January 13, 2016

မီးလောင်မှု ဖြစ်ပွားခဲ့သည့် မင်္ဂလာဈေးတွင် တပ်ဆင်ထားသည့် အလိုအလျောက် မီးငြှိမ်းသတ်စက်မှာ အစစ် မဟုတ်ကြောင်း၊ မီးသတ်မှ အကြံပြု၍ တပ်ဆင်ထားသည့် ကိရိယာ မဟုတ်ကြောင်း ပြောကြား



မင်္ဂလာဈေး မီးလောင်မှုအား ဇန်န၀ါရီ ၉ ရက် နံနက် အစောပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

မီးလောင်မှု ဖြစ်ပွားခဲ့သည့် မင်္ဂလာဈေးတွင် တပ်ဆင်ထားသည့် အလိုအလျောက် မီးငြှိမ်းသတ်စက် Water Sprinkler မှာ အစစ်မဟုတ်ဘဲ မီးသတ်မှ အကြံပြု၍ တပ်ဆင်ထားသည့် Water Sprinkler မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသော်ဒါက ပြောကြားသည်။

“မင်္ဂလာဈေး မီးလောင်မှုနှင့် ပတ်သက်ပြီး စုံခုံဖွဲ့ပြီးတော့ စစ်ဆေးနေပါတယ်။ မီးလောင်မှု အကြောင်းရင်းနဲ့ ဆုံးရှုံးမှု တန်ဖိုးကို စစ်ဆေးနေပါတယ်။ စစ်တာက အကုန်စစ်ရမှာပါ။ ဈေးမှာတပ်ဆင်ထားတဲ့ မီးလောင်ရင် ငြှိမ်းသတ်တဲ့ Water Sprinkler က လယ်တွေမှာ ရေဖျန်းတဲ့ဟာကို ဇောက်ထိုးတွေ ဆွဲထားတာ။ တကယ့် Sprinkler တော့ မဟုတ်ပါဘူး။ Sprinkler ဆိုတာက အလိုအလျောက် ရေဖျန်းတဲ့ စနစ်နဲ့ပါ။ မီးလောင်ရင် အလိုလို ငြှိမ်းသတ်တဲ့ ကိရိယာပါ။ အခု တပ်ဆင်ထားတာက ရေလွှတ်ပေးမှ ပက်ဖျန်းရတဲ့ ကိရိယာပါ။ မီးသတ်က အကြံပြု တပ်ဆင်ထားတဲ့ Sprinkler မဟုတ်ပါဘူး” ဟု ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသော်ဒါက ပြောကြားသည်။

မင်္ဂလာဈေး မီးလောင်မှုနှင့် ပတ်သက်၍ စုံခုံဖွဲ့၍ စစ်ဆေးနေပြီး ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးမှ ဥက္ကဋ္ဌ၊ မီးသတ်အရာရှိများနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများဖြင့် တိကျစွာ ဖော်ပြရန် စစ်ဆေးလျက်ရှိပြီး ယင်းနှင့်ပတ်သက်၍ အစီရင်ခံစာကို ဇန်န၀ါရီ ၁၈ ရက်နောက်ဆုံးထား၍ တိုင်းဒေသကြီး အစိုးရထံ တင်ပြသွားရမည်ဖြစ်ကြောင်း သိရသည်။

အလိုအလျောက် ရေဖျန်းစနစ် တပ်ဆင်ရေးမှာ မီးသတ်ဦးစီးဌာနမှ အကြံပေးလို့သာ ရခြင်းကြောင့် တပ်ဆင်ခြင်း ရှိ၊ မရှိ အပိုင်းမှာ ဆောက်လုပ်ရေးနှင့် ဈေးအပိုင်းသာ ဖြစ်ကြောင်း သိရသည်။ ဇန်န၀ါရီ ၉ ရက် နံနက် ၁ နာရီခွဲတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ဗညားဒလလမ်းနှင့် စက်ရုံလမ်းထောင့် အနီးရှိ အဆင့်မြင့် မင်္ဂလာဈေး မီးလောင်မှု ဖြစ်ခဲ့ပြီး မီးလောင်မှုအား မီးသတ်ယာဉ်ထွက် Level-5 အဖြစ် သတ်မှတ်ကာ မြို့နယ်အသီးသီးမှ မီးသတ်ကား ၅၉ စီး၊ ရေသယ်ယာဉ် ၂၇ စီး၊ လှေကားတင်ယာဉ် လေးစီး၊ Water Tower နှစ်စီး၊ အထောက်အကူပြုယာဉ် ခုနစ်စီးနှင့် လူနာတင်ကား ၁၉ စီးဖြင့် ပါဝင် ငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီတွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၇ နာရီကျော်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် မင်္ဂလာဈေး တတိယထပ်ရှိ ဆိုင်ခန်း ၇၉၁ ခန်း၊ စတုတ္ထထပ်ရှိ ၇၉၇ ခန်းနှင့် ပဉ္စမထပ်ရှိ ဆိုင်ခန်း ၄၈ ခန်း မီးလောင်ကျွမ်းခဲ့ကာ စုစုပေါင်း ဆိုင်ခန်းပေါင်း ၁၆၃၆ ခန်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။   Ref - Eleven news

Writer:
အောင်ထက်ခိုင်

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.