ကမ္ဘာ ကိုတုန်လှုပ်စေခဲ့သော ကလေးငယ် ငါးဦး
ကမ္ဘာကိုတုန်လှုပ်စေခဲ့တဲ့ ကလေးငယ်ငါးဦး
ဆီးရီးယား ကလေးငယ် နှစ်သန်းနီးပါး စစ်ဘေးရှောင် ခိုလှုံသူများ အဖြစ် ၂၀၁၅ ခုနှစ်ကို ဖြတ်သန်းခဲ့ရသည်။ ထိုအထဲမှ ကလေးငါးဦးသည် ကမ္ဘာကိုပါ တုန်လှုပ်စေခဲ့သည်။
၁။ ကင်မရာကို သေနတ်ထင်လို့ လက်မြှောက် နေရှာသူလေး။
မှန်ဘီလူးပြောင်းရှည် တပ်ထားသော ကင်မရာကို သေနတ်ထင်ပြီး ကင်မရာနဲ့ ချိန်လိုက်စဉ် လက်မြှောက်နေရှာသော ဆီးရီးယား ကလေးမလေး၏ ဓာတ်ပုံသည် ၂၀၁၅ နှစ်ဆန်းပိုင်းတွင် အင်တာနက်ပေါ်မှာ ပျံ့နှံ့ခဲ့သည်။ တူရကီနှင့် နယ်စပ် ဆီးရီးယား နယ်စပ်ရှိ အာမက်ခိုလှုံရေး စခန်းတွင် တူရကီ သတင်းထောက် အိုစမန်ဆာဂါလီက ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ကလေးမလေး၏ နာမည်သည် ဟူဒါဖြစ်သည်။ဘီဘီစီ သတင်းထောက်က သုံးနှစ်အရွယ် ဟူဒါ၏ ဖခင်ကို ရှာဖွေ ဆက်သွယ်ကာ မိသားစုများ၏ အခြေအနေကို မေးမြန်းသည်တွင် 'ပိုဆိုးသထက်သာ ဆိုးလာပါတယ်။ ခိုလှုံရေးစခန်းမှာ သောက်ရေပြတ်တဲ့ ရက်တွေတောင် တော်တော် များလာပါ တယ်။ ဆောင်းဝင်လာတော့ ပိုဆိုးပါတယ်' ဟု ဖခင်ဖြစ်သူက ဆိုထားသည်။
၂။ ဘောပင် ရောင်းသမား၏ သမီးငယ်။
အိပ်ပျော်နေသော သမီးငယ်လေးကို ချီကာ လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့ လမ်းမများတွင် ဘောပင် လိုက်ရောင်းနေရှာသော ဆီးရီးယား ဒုက္ခသည် ဖခင်တစ်ဦး၏ ပုံသည်လည်း ယခုနှစ် အတွင်း အင်တာနက်မှာ ပျံ့နှံ့ခဲ့သည်။အသက် (၃၃) နှစ် အရွယ် ဖခင် အဗ္ဗဒူဟာလင်အာတာနှင့် သမီးငယ် ရီးမ် တို့သည် ဆီးရီးယားရှိ ယာမောက် ဒုက္ခသည် စခန်းတွင် နေထိုင်သူများ ဖြစ်သည်။သား အဖ နှစ်ယောက်၏ ဓာတ်ပုံကို တွေ့ပြီး ကြင်နာ သနားမိသောကြောင့် အိုက်စလန်မှ ဂျာနယ်လစ် ဂီဆူယာ ဆိုင်မွန်နာဆန်သည် သားအဖ နှစ်ဦးအတွက် ဒေါ်လာငါးထောင် ရန်ပုံငွေကို အွန်လိုင်းတွင် တောင်းခံခဲ့ရာ စုစုပေါင်း ဒေါ်လာ (၁၉၀၀၀၀) အထိ အံ့သြလောက်အောင် ရရှိခဲ့သည်။မစ္စတာ အာတာသည် ထိုငွေများဖြင့် ဘေရွတ်မြို့တွင် ပေါင်မုန့်ဆိုင်နှင့် စားသောက်ဆိုင် နှစ်ဆိုင် ဖွင့်လှစ်လိုက်ပြီး ဆီးရီးယား ဒုက္ခသည် (၁၆) ဦးကို အလုပ်ပေးထားသည်။
၃။ တစ်ရူးစက္ကူ ရောင်းလို့ အထိုးအကြိတ် ခံရတဲ့ ကောင်လေး။
(၁၃) နှစ်သား ဆီးရီးယား စစ်ဘေးဒုက္ခသည် အာမတ် အာဘာရတ်သည် လမ်းပေါ်တွင် တစ်ရူးစက္ကူ ထုပ်လေးများ လိုက်ရောင်းနေစဉ် စားသောက်ဆိုင် တစ်ဆိုင်ထဲ ၀င်မိသဖြင့် ဆိုင်ရှင်နှင့် ဘေးလူများက ၀ိုင်းရိုက် ထိုးကြိတ်သည့် မြင်ကွင်း ဗီဒီယိုသည်လည်း ၂၀၁၅ ကို တုန်လှုပ်စေခဲ့သည်။ တူရကီနိုင်ငံ အစ္ဇမိုင်ယာမြို့တွင် ဖြစ်သည်။''ကျွန်တော် ဘာမှမလုပ်ဘူး။ ဆိုင်ရှေ့နားရပ်ပြီး တစ်ရူးစက္ကူလေးတွေ ရောင်းတာပါ။ ၀ိုင်းရိုက်ကြတယ်လေ'' ဟု အာမတ် ကပြောသည်။ နှာခေါင်းကနေ သွေးစီးကျနေသော အာမတ်၏ ဓာတ်ပုံသည် ၂၀၁၅ လူ့အဖွဲ့အစည်းကို ကိုင်လှုပ်ပစ်ခဲ့သည်။
၎။ ယူနီဖောင်းနဲ့ လူမြင်တိုင်း လန့်နေသည့် ကလေးမငယ်။
တူရကီသို့ ရောက်နေသော အသက် ငါးနှစ်သမီး ဆီးရီးယား စစ်ဘေး ဒုက္ခသည် ကလေးမငယ်လေး အနီး တူရကီရဲသားက ကပ်သွားသည့်အခါ ကြောက်လန့်တကြား ငိုရှာသော ဗီဒီယိုဖိုင် ဧပြီလက အွန်လိုင်းပေါ် တက်လာရာ လူနှစ်သန်းကျော် ကြည့်ရှုခဲ့ကြသည်။တူရကီ ရဲသားသည် လမ်းပေါ်တွင် တစ်ရူးစက္ကူ ထုပ်လေးများ လိုက်ရောင်းနေသော ကလေးမငယ်လေးကို ကူညီရန် အနားကပ်သွားစဉ် ကလေးမငယ်လေး ကြောက်လန့် ငိုယိုခြင်းဖြစ်ပြီး ရဲသားက ချော့လေ ကလေးမလေးက ကြောက်လန့် ငိုယိုလေ ဖြစ်ခဲ့သည်။ထိုမြင်ကွင်းကို ကြည့်ရုံဖြင့် ဆီးရီးယား စစ်ဘေး ဒုက္ခသည် ကလေးငယ်များသည် ယူနီဖောင်း ၀တ်ကို မြင်ရုံနှင့်ပင် အန္တရာယ်ပြုမည့် လက်နက်ကိုင်များ အဖြစ် ထင်မှတ်ကြောက်လန့် နေကြရှာသည့် စိတ်ဒဏ်ရာကို မြင်နိုင်သည်။
၅။ ကမ်းခြေမှာ သေဆုံး သောင်တင်နေသည့် ကလေးငယ်။
ထိုပုံကို တစ်ကမ္ဘာလုံး သိကြသည်။ ထိုပုံကြောင့် ဆီးရီးယား စစ်ဘေး ဒုက္ခသည်များမြေထဲပင်လယ် ဖြတ်ကူးကာ ဥရောပသို့ ကူးဝင်ခိုလှုံနေကြသည့် ရွှေ့ပြောင်းမှု ဖြစ်စဉ်ကြီးနှင့် ခိုလှုံသူတို့၏ ဒုက္ခကို ကမ္ဘာက သိရှိခဲ့ကြရသည်။စက်တင်ဘာ (၂) ရက်နေ့က မြေထဲ ပင်လယ် ဖြတ်ကူးကာ ဂရိသို့ သွားဖို့ ကြိုးပမ်းစဉ် လှေမှောက်ပြီး အစ်ကိုဖြစ်သူ ဂါလစ်ဘ် နှင့် အမေဖြစ်သူ ရာဟန်တို့ သေဆုံးခဲ့သလို၊ ကလေးငယ်လေး အလန်သည်လည်း ရေနစ် သေဆုံးကာ တူရကီ ကမ်းခြေမှာ တင်နေခဲ့သည်။ သူတို့မိသားစုတွင် ဖခင်ဖြစ်သူ အဗ္ဗဒူလာသာ အသက်ရှင်ခဲ့သည်။ အဖြစ်ဆိုးကြီး ကြုံခဲ့ရပြီးနောက် အဗ္ဗဒူလာသည် ဥရောပ အိပ်မက်ကို စွန့်လွှတ်ကာ ဆီးရီးယားသို့သာ ပြန်သွားခဲ့သည်။''ကိုယ့်မိသားစု အဖြစ်ဆိုးကြုံရလို့ သိပ်ဝမ်းနည်းရပါတယ်။ ဒါပေမဲ့ သားလေးရဲ့ ပုံကြောင့် ဘ၀တူ ဒုက္ခသည်တွေကို ကယ်တင်နိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူကျေနပ်မိပါ တယ်'' ဟု အဗ္ဗဒူလာက ပြောသည်။
Ref: The stories of Syrian children that wentviral in 2015(BBC)
Source : The Messenger

0 comments:
Post a Comment