Thursday, January 21, 2016

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် အာဆင်နယ်အသင်းက အလေးသာနေ




အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးဟာ ဂန်းနားတွေကို နည်းပြလာခဲ့တာ ၁၉၉၆ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ကွင်းအဟောင်း ဟိုက်ဘူရီမှာတုန်းက အာစင်ဝင်းဂါးဟာ ပွဲပေါင်း ၂၆၅ ပွဲ ကိုင်တွယ်နည်းပြခဲ့ပြီး ပရီးမီးယားလိဂ်ဖလား သုံးလုံး ရယူနိုင်ခဲ့ပေမယ့် အခု အမ်းမရိတ်ကွင်းသစ်ကြီးမှာ ပွဲပေါင်း ၂၆၆ ပွဲကိုင်တွယ်နည်းပြခဲ့ပေမယ့် စတုတ္ထမြောက် ပရီးမီးယားလိဂ် ဖလားကို အခုအချိန်အထိ မရယူနိုင်သေးပါဘူး။
၂၀၀၃-၀၄ ခုနှစ်က နောက်ဆုံးပရီးမီးယားလိဂ်ဖလားကို ရရှိပြီးတဲ့နောက် အာဆင်နယ်တို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပဲ ကျေနပ်ခဲ့ရတာ အခုဆိုရင် ၁၂ နှစ် ရှိခဲ့ပါပြီ။ ယခုနှစ် ၂၀၁၅-၁၆ ရာသီမှာတော့ အာဆင်နယ်တို့ဟာ ရာသီဝက်ချန်ပီယံဖြစ်ခဲ့တဲ့အပြင် ပွဲစဉ်ပေါင်း ၂၂ ပွဲကစားပြီးချိန်မှာတော့ ရမှတ် ၄၄ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။ ဒါကြောင့် ဒီရာသီမှာ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်လည်ရယူနိုင်မလားဆိုတဲ့ မေးခွန်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေးလာခဲ့ရပါတယ်။
အာဆင်နယ်အသင်းဟာ နည်းပြအာစင်ဝင်းဂါးရဲ့ လက်အောက်မှာ ကစားကွက်လှပပြီး ပရိသတ်ကို ဖျော်ဖြေမှု ပေးနိုင်တဲ့ အသင်းတစ်သင်းအဖြစ် မမြဲ ရှိခဲ့ပါတယ်။ ဒီနှစ်မှာလည်း ဒီပုံစံကို အာဆင်နယ်တို့ ဆက်လက်ထိန်းသိမ်းထားဆဲပါ။ အာဆင်နယ်အသင်းရဲ့ အချက်အလက်တွေ၊ ကစားသမားတွေရဲ့စွမ်းဆောင်ရည်တွေနဲ့ ရာသီဝက်ချန်ပီယံသမိုင်းကြောင်းတွေကို ကြည့်ရင် ဒီနှစ်မှာ အာဆင်နယ် ပရီးမီးယားလိဂ်ချန်ပီယံပြန်ဖြစ်လာနိုင်တယ်ဆိုတာက ပိုမိုထင်ရှားလာခဲ့ပါတယ်။
ရာသီဝက်ချန်ပီယံသမိုင်းကြောင်း
ပထမဆုံး ပြောချင်တာက ရာသီဝက်ချန်ပီယံတွေရဲ့ သမိုင်းကြောင်းပါ။ ပရီးမီးယားလိဂ်ရယ်လို့ နာမည်ပြောင်းခဲ့တဲ့ ၁၉၉၂-၉၃ ခုနှစ်က စတင်ရေတွက်မယ်ဆိုရင် ရာသီပေါင်း ၂၃ ရာသီရှိခဲ့ပါတယ်။ အဲ့ဒီရာသီ ၂၃ ခုမှာ ရာသီဝက်ချန်ပီယံ ဖြစ်ခဲ့ကြတဲ့ အသင်းတွေဟာ ၁၂ ကြိမ်အထိ ရာသီအဆုံးမှာ ချန်ပီယံဖြစ်ခဲ့ကြပါတယ်။ ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းအရေအတွက်ကို ကြည့်တဲ့ အခါမှာလည်း မန်ယူ၊ မန်စီးတီး၊ အာဆင်နယ်၊ ချယ်လ်ဆီးနဲ့ ဘလက်ဘန်းဆိုပြီး ငါးသင်းပဲ ရှိခဲ့ပါတယ်။ ဘလက်ဘန်းချန်ပီယံဖြစ်ခဲ့တဲ့ ၁၉၉၄-၉၅ ရာသီနောက်ပိုင်းမှာ မန်ယူ၊ မန်စီးတီး၊ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့က လွဲလို့ ဘယ်အသင်းမှ ချန်ပီယံ မဖြစ်ခဲ့ဖူးပါဘူး။
ဒီရာသီကို ပြန်ကြည့်လိုက်ပါ။ ချယ်လ်ဆီးအသင်းကို ချန်ပီယံစာရင်းထဲက ထုတ်ထားလို့ ရပြီဖြစ်ပြီး မန်ယူကလည်း ရလဒ်ကောင်းဖို့ကိုတောင် အနိုင်နိုင်ရုန်းကန်နေရပါတယ်။ ဗန်ဟားလ်နဲ့ပဲ ဆက်သွားမယ်ဆိုရင် မန်ယူက ချန်ပီယံဖြစ်ဖို့ မလွယ်လှပါဘူး။ ဒါဆိုရင် အာဆင်နယ်ရဲ့ အဓိက ပြိုင်ဘက်က မန်စီးတီးတစ်သင်းပဲ ရှိပါတော့တယ်။ ပြီးသွားခဲ့တဲ့ နှစ်တွေကနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ချန်ပီယံဆုကို လုမယ့် အဓိကအသင်းတွေ အနည်းဆုံးဖြစ်သွားတယ်လို့တောင် ပြောလို့ရပါတယ်။ ဒါကြောင့် ဒီရာသီမှာ အာဆင်နယ်အသင်း ချန်ပီယံဖြစ်ဖို့ အနီးစပ်ဆုံးလို့ ပြောနိုင်ပါတယ်။
အသင်းနဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်
ဒီရာသီမှာ အာဆင်နယ်အသင်းရဲ့ စွမ်းဆောင်ရည်က အခြားပရီးမီးယားလိဂ်အသင်းတွေထက် ကောင်းမွန်နေတာကို အချက်အလက်တွေက ဖော်ပြနေပါတယ်။ အာဆင်နယ်တို့ဟာ လူပေးကစားတဲ့နေရာမှာ အခြားအသင်းတွေထက်ကောင်းမွန်သလို အောင်မြင်မှု အကြိမ်အရေအတွက်က ၈၉၉၃ ကြိမ် ရှိခဲ့ပါတယ်။ ရာခိုင်နှုန်းနဲ့ အတိအကျဆိုရင်တော့ ၈၅ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ပြီးတော့ အာဆင်နယ်တို့ဟာ အနီးပေး ကစားတာကိုသာ အဓိက ထားကစားတာတွေ့ရပြီး အဝေးဘောတွေ သိပ်ပြီးမသုံးတာကို တွေ့ရပါတယ်။ ရာခိုင်နှုန်းအရဆိုရင် အနီးပေးက ၉၃ ရာခိုင်နှုန်းကျော်ရှိပြီး အဝေးပေးက ၈ ရာခိုင်နှုန်းကျော်ပဲ ရှိပါတယ်။ အမှတ်ပေးဇယားမှာ အာဆင်နယ်အသင်းနောက်ကနေ ကပ်လိုက်နေတဲ့ လက်စတာအသင်းက လူပေးကစားတဲ့နေရာမှာ အောင်မြင်မှုအနည်းဆုံးအသင်းအဖြစ် အံ့အားသင့်ဖွယ်တွေ့ရှိရပြီး မန်စီးတီးအသင်းကတော့ တတိယနေရာမှာ ရှိနေခဲ့ပါတယ်။ ဒီအချက်အလက်ကို ကြည့်မယ်ဆိုရင်လည်း အာဆင်နယ်က သူ့ရဲ့ အနီးဆုံးပြိုင်ဘက်တွေထက် ပိုကောင်းနေတာကို တွေ့ရပါတယ်။
အသင်းရဲ့စည်းကမ်းပိုင်းကို ကြည့်မယ်ဆိုရင်လည်း ပြစ်ဒဏ် ၁၆၄ ကြိမ်သာ ကျူးလွန်ခဲ့ပြီး အ၀ါကတ် ၁၈ ကတ်သာ ပြသခံထားရပါတယ်။ ဒါက ပရီးမီးယားလိဂ်အသင်းတွေထဲမှာ အနည်းဆုံးနဲ့ စည်းကမ်းအကောင်းဆုံးဆိုတဲ့ အနေအထားပါပဲ။
ပြီးတော့ ကစားသမားတစ်ဦးချင်းရဲ့ စွမ်းဆောင်ရည်ပါ။ အဓိက ကတော့ ကွင်းလယ်လူ အိုဇေးလ်ပါပဲ။ အိုဇေးလ်ဟာ ဒီရာသီမှာ ဖန်တီးမှု ၁၆ ကြိမ်လုပ်ထားပြီး ပရီးမီးယားလိဂ်မှာ ဖန်တီးမှုအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။ သူ့နောက်မှာတော့ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းက ရှစ်ကြိမ်နဲ့ ရှိနေပြီး လက်စတာရဲ့ မာရက်ဇ်က ၇ ကြိမ်နဲ့ လိုက်နေပါတယ်။ လက်ရှိပရီးမီးယားလိဂ်ကစားသမားတွေထဲမှာ အခွင့်အရေးဖန်တီးမှု အများဆုံးလုပ်နိုင်သူကလည်း အိုဇေးလ်ပဲ ဖြစ်ပါတယ်။ အကြိမ် ၈၀ တောင် ဖန်တီးပေးထားပါတယ်။ ဒီဘရိုင်းက  ၅၁ ကြိမ်နဲ့ အိုဇေးလ်နဲ့ အနီးဆုံးမှာ ရှိနေပါတယ်။ ဖန်တီးမှုအပိုင်းမှာ ဘယ်ကစားသမားမှ အိုဇေးလ်နားကို မကပ်နိုင်ပါဘူး။
ကစားသမားတစ်ဦးချင်းစွမ်းဆောင်ရည်မှာ အကောင်းဆုံးနောက်တစ်ဦးကတော့ ဂိုးသမားပီတာချက်ပါ။ ပီတာချက်ဟာ ပရီးမီးယားလိဂ်မှာ ဂိုးမပေးရတဲ့ပွဲပေါင်း ၁၇၀ အထိရှိခဲ့ပါတယ်။ ဒီရာသီမှာလည်း အာဆင်နယ်အသင်းအတွက် ရှစ်ပွဲအထိ ဂိုးမပေးရအောင် စွမ်းဆောင်ထားပါတယ်။ ဒါက ပရီးမီးယားလိဂ်ဂိုးသမားတွေထဲမှာ အကောင်းဆုံးစံချိန်ပါပဲ။
ဒီလိုကစားသမားတွေကို ပိုင်ဆိုင်ထားတာကြောင့် အာဆင်နယ်အသင်းအနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူဖို့ အလွန်နီးစပ်နေတာ မဆန်းလှပါဘူး။ ဒါတောင် အဓိက ကစားသမားအချို့ဖြစ်တဲ့ ဆန်းချက်ဇ်၊ ကာဇိုလာနဲ့ ကိုကွီလင်တို့ ဒဏ်ရာရသွားခဲ့လို့ပါ။ သူတို့သာ ကြံ့ခိုင်မှု ပြည့်နေမယ်ဆိုရင် အာဆင်နယ်တို့ ဒီအချိန်မှာ ဒီထက်ကောင်းတဲ့ ပုံစံနဲ့ ရပ်တည်မှုမှာ ရှိနေနိုင်ပါတယ်။
ပွဲစဉ်ဇယား
ချန်ပီယံအသင်းတစ်သင်းအတွက် ပွဲစဉ်ဇယားကလည်း အရေးကြီးပါတယ်။ အာဆင်နယ်အသင်းရဲ့ လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကို ကြည့်တဲ့အခါမှာတော့ တစ်ခြားအသင်းတွေလို အသင်းကြီးတွေနဲ့ ဆက်တိုက်တွေ့ဆုံရမယ့် အခြေအနေမျိုးမရှိတာကိုတွေ့ရပါတယ်။ သူတို့အတွက် နည်းနည်းခက်ခဲနိုင်မယ့် အခြေအနေကတော့ ဘာစီလိုနာနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်တွေရှိတဲ့ အချိန်ပါ။ ဖေဖော်ဝါရီလထဲမှာ လက်စတာ(အိမ်)၊ ဘာစီလိုနာ(အိမ်)၊ မန်ယူ(အဝေး) ဆက်တိုက်ကစားရမယ့် အနေအထားက နည်းနည်းခက်ခဲသလို မတ်လထဲမှာ ကစားရမယ့် ဘာစီလိုနာ(အဝေး)၊ အဲဗာတန်(အဝေး)နှစ်ပွဲဆက်အနေအထားကလည်း နည်းနည်းခက်ပါတယ်။ ပွဲစဉ်ဇယားက ဒီလောက်ပါပဲ။ လက်ကျန်ပွဲတွေက သိပ်မကျပ်လှပါဘူး။ ဒါပေမဲ့ အာဆင်နယ်တို့ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားပြိုင်ပွဲတွေမှာ နောက်တစ်ဆင့်တွေကို ထပ်တက်နေမယ်ဆိုရင်တော့ ပရီးမီးယားလိဂ်ချန်ပီယံလမ်းကြောင်းက အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် နည်းပြ အာစင်ဝင်းဂါးအနေနဲ့ ရွေးချယ်မှုတော့ ပြုလုပ်ရမှာ သေချာပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ဝေးကွာနေခဲ့တာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပါပြီ။ သူတို့ဟာ ချန်ပီယံဆုကို စိန်ခေါ်သူအဖြစ် အမြဲရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ အမြင့်ဆုံးအဆင့် ၂ နေရာနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။ ဒါကိုလည်း အာဆင်နယ်ပရိသတ်တွေ စိတ်ပျက်နေတာကြာခဲ့ပါပြီ။ ဒီနှစ်၊ ဒီရာသီကတော့ အာဆင်နယ်အတွက် အခွင့်အလမ်းကောင်းတွေ အများကြီးရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းကလို ဒဏ်ရာပြဿနာနှိပ်စက်မှုတွေရှိနေပေမယ့် အသင်းက ထိပ်ဆုံးကနေ ဆက်လက်ချီတက်နိုင်ဆဲပါ။ အဓိက ကစားသမားအချို့လည်း အခုအချိန်မှာ ဒဏ်ရာက ပြန်လည်သက်သာလာခဲ့ပါပြီ။ ဒီနှစ်က အာဆင်နယ်အတွက် ချန်ပီယံဆုနဲ့ အနီးကပ်ဆုံးနှစ်ပါ။ ဒါကြောင့် နည်းပြအာစင်ဝင်းဂါးနဲ့ အာဆင်နယ်အသင်းတာဝန်ရှိသူတွေအနေနဲ့ ပရိသတ်တွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ အချိန်တန်နေပြီလို့ ဆိုချင်ပါတယ်။ အာဆင်နယ်သာ အမှန်တကယ် ပရီးမီးယားလိဂ်ဖလားကို လိုချင်တယ်ဆိုရင် မဖြစ်နိုင်စရာတော့ မရှိလောက်ပါဘူး။

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.