(အိုင်အက်စ်) အကြမ်းဖက်သမား တစ်ဦးက မိခင်အရင်းကို လူအများရှေ့မှောက်တွင် ကွပ်မျက်ခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောကြား
အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) အကြမ်းဖက်သမား တစ်ဦးက မိခင်အရင်းကို လူအများရှေ့မှောက်တွင် ကွပ်မျက်ခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။
အသက် ၂၀ အရွယ်ရှိ အိုင်အက်စ် တိုက်ခိုက်ရေးသမားသည် အိုင်အက်စ်တို့၏ မြို့တော်အဖြစ် သတ်မှတ်ထားရာ ဆီးရီးယားပိုင် ရက္ကာမြို့တွင် မိခင်အရင်းကို သတ်ဖြတ်ခဲ့ခြင်းဟု သိရသည်။ အဆိုပါ အမျိုးသမီး အလုပ်လုပ်ရာ စာပို့စခန်းအနီးတွင် လူပေါင်းရာနှင့်ချီ ဝိုင်းအုံကြည့်ရှုနေချိန်၌ သားအရင်းက ယခုလို သတ်ဖြတ်ခဲ့ခြင်းဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
အယူဝါဒ လွဲမှားဖောက်ပြန်ကြောင်း စွပ်စွဲချက်ဖြင့် သားဖြစ်သူ ကိုယ်တိုင်က သူမကို အိုင်အက်စ်တို့လက် အပ်နှံခဲ့ပြီးနောက် ယခုလို သေဒဏ် စီရင်ခံခဲ့ရခြင်း ဖြစ်သည်။ အမျိုးသမီးက အလွန်ရက်စက် ကြမ်းကြုတ်သည့် အိုင်အက်စ် အဖွဲ့ကို စွန့်ခွာသင့်ကြောင်း သားဖြစ်သူကို တိုက်တွန်း စည်းရုံးရာ သားဖြစ်သူက လက်မခံဘဲ သူမကို အိုင်အက်စ်တို့ လက်ထဲ အပ်နှံခဲ့ခြင်းဟု သိရသည်။
သူမက သားဖြစ်သူနှင့်အတူ ရက္ကာမှ ဝေးရာသို့ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားခဲ့ပြီး “မဟာမိတ်လေတပ်တွေ ဗုံးကြဲလို့ မင်းတို့အဖွဲ့သားတွေအားလုံး သေကုန်မှာ”ဟု သားကို သတိပေးခဲ့သည်။ ထိုစကားက သူမသည် အိုင်အက်စ်ကို တော်လှန်ဆန့်ကျင်သည့် အယူဝါဒ ဖောက်ပြန်သူအဖြစ် စွပ်စွဲခံရရန် လုံလောက်သွားစေခဲ့သည်။
ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က အမျိုးသမီး၏ အသက်သည် ၄၀ ကျော်မျှ ရှိသည်ဟု ဖော်ပြခဲ့ပြီး ရက္ကာမြို့အရေး စောင့်ကြည့်နေသည့် အခြားသော ပြုပြင်ပြောင်းလဲရေးဝါဒီ အဖွဲ့အစည်းတစ်ခုက အမျိုးသမီး၏ အသက်ကို ၃၅ နှစ်ကျော်ဟု ဖော်ပြခဲ့သည်။
ဆွန်နီ အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့အစည်း တစ်ခုဖြစ်သည့် အိုင်အက်စ်သည် ၎င်းတို့ သိမ်းပိုက်ထားရာ နယ်မြေများတွင် ပြင်းထန်တင်းကျပ်သည့် အစ္စလာမ်မစ် စည်းမျဉ်းများဖြင့် အုပ်ချုပ်ကာ ခေါင်းဖြတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့ခြင်း၊ ကြိုးဆွဲချစေခြင်း၊ အထပ်မြင့်မှ ပစ်ချခြင်း အစရှိသည့် ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများဖြင့် သေဒဏ်စီရင်မှုများ ပြုလုပ်လေ့ရှိပြီး ယင်းတို့ကို လူမှုကွန်ရက်များတွင် လွှင့်တင်လေ့ရှိကြောင်း သိရသည်။
Source : 7 Day Daily

0 comments:
Post a Comment