Wednesday, January 6, 2016

မိုဘိုင်းဖုန်းများအတွက် ကုန်သွယ်ခွန်ကောက်ခံမှုမှာနောက်တက်လာမည့်အစိုးရပေါ်တွင်မူတည်ကြောင်းပြောဆို







၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင်ကင်းလွတ်ခွင့် ပြုခဲ့သော မိုဘိုင်းငွေဖြည့်ကတ်များအပေါ် ကုန်သွယ်လုပ်ငန်းခွန်ငါးရာခိုင်နှုန်းကောက်ခံမည့် အစီအစဉ်မှာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင်
လွှတ်တော်အသစ်နှင့် အစိုးရအသစ်၏ ဆုံးဖြတ်ချက်ပေါ်မူတည်ကြောင်း ဆက်သွယ်ရေးနှင့်
သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က
မြန်မာတိုင်း(မ်)ကို ပြောသည်။
"အခွန်ဥပဒေကြမ်းမှာတော့ ကုန်သွယ် လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကောက်ဖို့တော့ လွှတ်တော်မှာ
တင်သွင်းထားပြီးသွားပြီ။ ကောက်မယ် မကောက်ဘူးကတော့ နောက်တက် လာမယ့်အစိုးရသစ်နဲ့
လွှတ်တော်အသစ်က ဆုံးဖြတ်ရမှာပဲ။ ကျွန်တော်တို့  ၀န်ကြီးဌာနကို တော့ ညွှန်ကြားချက် ရောက်
မလာသေးဘူး"ဟု ဦးသန်းထွန်းအောင်က ပြောသည်။ ၂၀၁၅ ခုနှစ်၊ ဧပြီ ၁ ရက်နေ့စွဲဖြင့်
ပြည်ထောင်စု လွှတ်တော်သည် ၂၀၁၅-၂၀၁၆ ပြည်ထောင်စု အခွန်ဥပဒေအရ ကုန်သွယ်
လုပ်ငန်းခွန်ကို ပြင်ဆင်ပြဋ္ဌာန်းလိုက်ပြီဖြစ် ရာ ၂၀၁၅ ခုနှစ်၊ ဇွန် ၁ ရက်က စတင် အကျုံး
ဝင်သည့်အတွက် ယင်းကုန်သွယ်လုပ်ငန်း ခွန် ငါးရာခိုင်နှုန်းကို ဇွန် ၁ ရက်ကစတင်ကာ
မိုဘိုင်း ဖုန်းသုံးစွဲသူများထံက ကောက်ခံသွားမည်ဟု ကြေညာခဲ့သော်လည်း ယင်းကောက်ခံမည့်အစီအစဉ်ကို ပြည်ထောင်စုလွှတ်တော်တွင် ပြန်လည်ဆွေးနွေးခဲ့ရာ ၂၀၁၅-၁၆
ဘဏ္ဍာ နှစ်အတွင်း မိုဘိုင်းငွေဖြည့်ကတ်များမှ ကောက်ခံမည့် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း
ကို ဆိုင်းငံ့ထားရန် အတည်ပြု ပေးခဲ့သည်။ ယင်းအခွန်ကောက်ခံမည်ဆိုပါက ကျပ် ၁,၀၀၀ တန်
ဖုန်းငွေဖြည့်ကတ် ထည့်သွင်း အသုံးပြုသူများသည် အခွန်ငါးရာခိုင်နှုန်းအတွက်
၄၈ ကျပ်ပေးဆောင်ရမည်ဖြစ်သော ကြောင့် မိမိဖုန်းပြောဆိုခ ၉၅၂ ကျပ်သာရရှိမည်။

ကျပ် ၃,၀၀၀ တန် ငွေဖြည့်ကတ်ထည့်သွင်းအသုံးပြုသူသည် အခွန်ငါးရာခိုင် နှုန်းအတွက်
၁၄၃ ကျပ် ပေးဆောင်ရမည်ဖြစ်သောကြောင့် မိမိဖုန်းပြောဆိုခ ၂,၈၅၇ ကျပ်သာ ရရှိမည်။
ကျပ် ၅,၀၀၀ တန် ဖုန်းငွေ ဖြည့်ကတ် ထည့်သွင်းအသုံးပြုသူသည် အခွန် ငါးရာခိုင်နှုန်းအတွက်
၂၃၈ ကျပ်ပေးဆောင်ရ မည်ဖြစ်သောကြောင့် ဖုန်းပြောဆိုခ ၄,၇၆၂ ကျပ်သာသုံးပြုရမည်။
ကျပ် ၁၀,၀၀၀ တန်ငွေ ဖြည့်ကက်အသုံးပြုသူသည် အခွန်ငါးရာခိုင်နှုန်း အတွက် ၄၇၆
ကျပ်ပေးဆောင်ရမည်ဖြစ်သော ကြောင့် ဖုန်းပြောဆိုခ ၉,၅၂၄ ကျပ်သာရရှိ မည်ဖြစ်ပြီး
ကျပ် ၂၀,၀၀၀ တန် ငွေဖြည့်ကက်ထည့်သွင်းအသုံးပြုသူသည် အခွန် ငါးရာခိုင် နှုန်းအတွက်
၉၅၂ ကျပ်ပေးဆောင်ရမည် ဖြစ်ပြီး မိမိဖုန်းပြောဆိုခ ၁၉,၀၄၈ ကျပ်သာရရှိ မည်ဖြစ်သည်။ မိုဘိုင်းဖုန်းအသုံးပြုသူများ၏ ငွေဖြည့်ကတ်မှ ကောက်ခံမည့် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း
သည် များပြားကြောင်း Yangon Heartz Media  က အလုပ်အမှုဆောင်အရာရှိချုပ်
ဦးဇော်ဇော်မျိုးလွင်က မြန်မာတိုင်း(မ်)သို့ ပြောသည်။
"အခွန် ငါးရာခိုင်နှုန်း ကောက်တာကတော့များတယ်လို့ ထင်တယ်။ အမှန်ဆို နှစ်ရာခိုင်နှုန်းပဲကောက်သင့်တယ်။ ကောက်တဲ့အခါမှာလည်း သုံးစွဲသူတွေဘက်က
မဟုတ် ဘဲ တယ်လီကွန်းဘက်ကနေပဲ ကောက်သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခွန်ကို
မပေးချင်လို့ မဟုတ်ဘူး သူတို့ ခေါင်းစဉ်တပ်ထားတာကိုက ကုန်သွယ်လုပ်ငန်းခွန်လေ။
သုံးစွဲသူတွေက ကုန်သွယ်နေတာမှမဟုတ် တာ အဲဒီတော့ ဒီကုန်သွယ်လုပ်ငန်းခွန်က
အထမမြောက်ဘူးလို့တော့ ထင်တယ်" ဟု ၎င်းကပြောသည်။ ယင်းအခွန်ကို ကောက်ခံမည်
ဆိုပါက ယင်းအခွန်မှရသည့် ငွေကြေးကို ဆက်သွယ် ရေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရန် အသုံးပြု
သင့်ကြောင်း ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။ "နောက်ဆုံးမဖြစ်မနေ ကောက်ခံမယ်
ဆိုရင်လည်း ဒီကရတဲ့ အခွန်ငွေတွေကို ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတတ်ဖို့ အတွက် ပြန်ပြီး
အသုံးပြုတာမျိုးပေါ့။ ဥပမာ-တာဝါတိုင် တွေ ဆောက်တဲ့ နေရာမှာတို့၊ သရီးဂျီကနေ ဖိုးဂျီဝန်ဆောင်
မှုပေးတဲ့ ပုံစံမျိုးပေါ့။ နောက်ပြီး အင်တာနက်ဝန်ဆောင်မှုတွေပိုရအောင် ဒီကရတဲ့ အခွန်ငွေတွေ
ကနေ အကျိုးရှိအောင် လုပ်ဆောင်ပေးရင်တော့ သုံးစွဲသူဘက်က အခွန်ဆောင်
ရတာတန်တာပေါ့" ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။ မိုဘိုင်းဖုန်း အသုံးပြုသူ
များသည်လည်း ၀န်ဆောင်မှုကောင်းကောင်းအသုံးပြုနိုင်မှသာလျှင် အခွန်ဆောင်ရကျိုးနပ်ကြောင်း
မိုဘိုင်းဖုန်းအသုံးပြုသူ ဦးမင်းသိန်းထွန်းက မြန်မာတိုင်း(မ်)ကို ပြောသည်။ "အရင်က အမ်ပီတီ
တစ်ခုတည်းတုန်းက အခုလို အခွန်ကောက်မယ်ဆိုတာ မကြားမိ ဘူး။ ကြုံလည်း မကြုံခဲ့ဖူးဘူး။
အခုကောက်မယ်ဆိုရင်တော့ အနည်းနဲ့ အများကတော့ ထူးဆန်းနေမှာပဲ။ ဒါပေမဲ့ နိုင်ငံသား
တစ်ယောက်ကတော့ အခွန်ဆောင်ရမယ်။ အဲဒီလိုကောက်တဲ့အတွက် ဖုန်းကုမ္ပဏီကတော့
တာဝန်ပိုကြီးသွားလိမ့်မယ်။ ဘာဖြစ် လို့လဲဆိုတော့ အခွန်ကလည်း ဆောင်ရ သေးတယ်။
ဝန်ဆောင်မှုကလည်း အကောင်း ကြီးမဟုတ်ဘူးဆိုရင် အခွန်ဆောင်ရတာ မတန်သလိုဖြစ်နေမှာပေါ့။
အင်တာနက် ကွန်နက်ရှင်တွေအရမ်းကောင်းနေမယ်။ ဖုန်းလိုင်းတွေ ကြည်လင်ပြတ်သားနေမယ်
ဆိုရင်တော့ အခွန်ဆောင်ရကျိုးနပ်ပါတယ်" ဟု ၎င်းကပြောသည်။
ယခုထက်ပိုမိုကောင်းမွန်သော ၀န်ဆောင် မှုများ ပေးနိုင်မှသာလျှင် အဆိုပါ အခွန် ကောက်ခံမှုကို
ကောက်ခံသင့်ကြောင်း မိုဘိုင်း ဖုန်းအသုံးပြုသူများက ပြောဆိုကြသည်။ "အခုအချိန်
ကောက်ရင်တော့ အခွန် ပေးရတာ ၀န်ထုပ်ဝန်ပိုးဖြစ်နေလိမ့်မယ်။ ဒီအခွန်ကောက်ရင်
ပြည်သူတွေကို ဒီအခွန် ကောက်တာနဲ့ ကိုက်ညီအောင် ဘာတွေလုပ် ပေးမှာလဲ။ အင်တာနက်
ကွန်နက်ရှင်တွေ အခုထက်ပိုပြီး မြန်မြန်ဆန်ဆန် အသုံးပြု နိုင်မှာလား။ ဖုန်းလိုင်းတွေကြည်ကြည်
လင်လင်နဲ့ ပြောနိုင်မှာလား။ အကောင်းဆုံး ၀န်ဆောင်မှုပေးရင်တော့ ဒီအခွန်ကို ဆောင်တာ
အပန်းမကြီးပါဘူး။ အခုအနေအထားပဲ ၀န်ဆောင်မှုပေးတယ်ဆိုရင် သိပ်တော့ ဘ၀င် မကျဘူး။
ဒါပေမဲ့ ဥပဒေနဲ့ ဆောင်ရွက်လာပြီ ဆိုရင်တော့ ဒီအခွန်ကို ဆောင်ကို ဆောင်ရ မှာပေါ့။ ဒါပေမဲ့
ကောင်းမွန်တဲ့ ၀န်ဆောင်မှုကိုလည်း ပေးသင့်တယ်လို့ ထင်ပါတယ်" ဟု မိုဘိုင်းဖုန်းအသုံးပြုသူ ဦးချစ်ထူးက မြန်မာတိုင်း(မ်)ကို ပြောသည်

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.