Tuesday, January 19, 2016

အငြိမ်းစားဝန်ထမ်းတို့ မြေရနိုင်မယ့် အိမ်မက် ပျက်ပြယ်




ရန်ကုန်တိုင်းအစိုးရထံ လျှောက်လွှာများ လျှောက်ထားလျက် အငြိမ်းစားဝန်ထမ်းများ မြေကွက်များ ရယူနိုင်သည့်ဟူသည့် သတင်းကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်များက ငြင်းဆိုလိုက်ခြင်းကြောင့် အငြိမ်းစားဝန်ထမ်းတို့ မြေရနိုင်မယ့် အိမ်မက် ပျက်ပြယ်သွားခဲ့သည်။

မြေကွက် လျှောက်ထားနိုင်သည့် သတင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်းက “ဒီကိစ္စ ကျနော်တောင်မသိပါဘူး” ဟု ငြင်းဆိုသကဲ့သို့ သစ်တောနှင့် စွမ်းအင်ဝန်ကြီး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်တို့ကလည်း အဆိုပါသတင်းကို မသိဟုဆိုကာ မမှန်ကြောင်း ပြောဆိုကြသည်ဟု ဇန်နဝါရီ ၂၀ ရက်ထုတ် ကြေးမုံသတင်းစာတွင် ဖေါ်ပြသည်။

အမည်ဖေါ်ပြထားခြင်းမရှိသော ရန်ကုန်တိုင်း အစိုးရအဖွဲ့၏ တာဝန်ရှိသူ ဆိုသူ တစ်ဦးကမူ “အဲ့ဒါနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတာ မရှိသလို လျှောက်လွှာတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ပေးခြင်းလည်း မရှိပါဘူး၊ ဒါဟာ ကောလဟာလ သတင်းအမှားသာ ဖြစ်ပါတယ်။ ကောလဟာလ သတင်းတွေကို မယုံကြဖို့ လိုပါတယ်” ဟု ကြေးမုံက ထပ်ဆင့် ဖေါ်ပြသည်။

အိမ်ရနိုင်မည့် အိမ်မက်ဖြင့် အငြိမ်းစားဝန်ထမ်းတို့သည် မိမိတို့နေထိုင်ရာ မြို့နယ် စာတိုက်များမှ တစ်ဆင့် ရန်ကုန်တိုင်း အစိုးရထံ လိပ်မူလျက် လျှောက်လွှာများ ရာနှင့်ချီ နေ့စဉ်ပေးပို့လျက် ရှိသည်ကိုလည်း မဇ္ဈိမက လေ့လာသိရှိရသည်။

လျှောက်လွှာ တစ်စောင်လျှင် “၁၀၀” ကျပ်နှုန်းဖြင့် ဝယ်ယူ လျှောက်လွှာ တင်ကြရခြင်းဖြစ်သည်။ မဇ္ဈိမ၏ လေ့လာမှုအရ လာရောက်လျှောက်လွှာ တင်ကြသည့် အငြိမ်းစား ဝန်ထမ်းတို့သည်လည်း တိကျသည့် သတင်းမရရှိဘဲ မျှော်လင့်ချက်ဖြင့် သွားရောက် လျှောက်လွှာတင်ကြခြင်းဖြစ်သည်။

စာတိုက်များရှေ့တွင် လာရောက် လျှောက်လွှာတင်ကြသည့် ဝန်ထမ်းများကလည်း မိမိတို့၏ မိတ်ဆွေများကို ဖုန်းဆက်အသိပေးနေကြသည်ကို တွေ့ရသည်။ လျှောက်လွှာတွင် ရန်ကုန်တိုင်း အစိုးရ ဝန်ကြီးချုပ် ဦးမြင့်ဆွေထံ လိပ်မူထားကြပြီး အိမ်ထောင်စု စာရင်းမိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊ ပင်စင်စာအုပ်တို့ အသီးသီးယူဆောင်လာကြလျက် လျှောက်လွှာတင်ခဲ့ကြသည်။

အဆိုပါသတင်းသည် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းကပင် ထွက်ပေါ်ခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရနှင့် ပြည်ထောင်အဆင့် အစိုးရတာဝန်ရှိသူများထံ မဇ္ဈိမက မေးမြန်းခဲ့သော်လည်း “မသိရှိ” ဟုသာ အဖြေပေးခဲ့ကြသည်။

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.