Monday, January 18, 2016

လေယာဉ်ပျက်ကျခဲ့ရင် ခရီးသည်တင်ခန်းတစ်ခုလုံးကို ဖြုတ်ချနိုင်တော့မယ့် နည်းပညာကို တီထွင်



လေယာဉ်ပေါ်မှာ အရေးပေါ်အခြေအနေတစ်ခုခု ဖြစ်ပေါ်လာပြီဆိုတာနဲ့ ခရီးသည်တွေရဲ့ အသက်ကိုကယ်တင်ပေးနိုင်မယ့် နည်းပညာတစ်မျိုးကို သိပ္ပံပညာရှင်တွေက တီထွင်လိုက်ပါပြီ။ ဒီနည်းပညာကတော့ အရေးပေါ်အခြေအနေတစ်ခုခုကြုံလာပြီဆိုရင် အထူးတည်ဆောက်ထားတဲ့ ခရီးသည်တွေပါဝင်တဲ့ အခန်းပိုင်းကို လေယာဉ်ကနေ ခွဲထုတ်ပစ်လိုက်နိုင်ပြီး အန္တရာယ်ကင်းတဲ့ မြေပြင် ဒါမှမဟုတ် ရေပြင်ပေါ်ကို ကျရောက်သွားစေမှာဖြစ်ပါတယ်။ ဒီလိုနည်းပညာကြောင့် လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တွေဟာ အသက်အန္တရာယ်ကနေ လွတ်မြောက်နိုင်မှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်တည်းက ဒီလိုပြုလုပ်ဖို့ကို အကြံဥာဏ်ရပြီး တီထွင်နေခဲ့တာဖြစ်တယ်လို့လည်း အင်ဂျင်နီယာ Vladimir Tatarenko ကပြောပါတယ်။ လေထီးတွေကို ခရီးသည်အခန်း ခေါင်မိုးမှာ တပ်ဆင်ပေးထားမှာဖြစ်ပြီး လေယာဉ်ကနေ ခွဲထွက်လိုက်တဲ့ အချိန်မှာ လေထီးတွေက အလိုအလျောက် ပွင့်ထွက်သွားမှာပါ။ 

ဒီခွဲထွက်လာတဲ့ ခရီးသည်အခန်းရဲ့ အောက်မှာလည်း ရာဘာကူရှင်တောင့်တွေကို တပ်ဆင်ပေးထားမှာဖြစ်တာကြောင့် မြေပြင်ပေါ်ကျရောက်ရင်လည်းသက်တောင့်သက်သာရှိနေမှာ 
ဖြစ်သလို ရေပြင်ပေါ်ကိုကျရောက်ခဲ့ရင်လည်း ပေါလောပေါ်နေနိုင်မှာဖြစ်ပါတယ်။
 လေယာဉ်အခန်းရဲ့အောက်မှာ ခရီးသည်တွေရဲ့အထုပ်အပိုးတွေကို ထည့်ထားနိုင်တဲ့ သိုလှောင်ခန်းပါ ပါဝင်တာကြောင့်၊ ပျံသန်းနေစဉ်အတွင်း လေယာဉ်အခန်းကိုဖြုတ်ချရဖို့ကြုံလာခဲ့ရင်တောင်၊ ခရီးသည်တွေ အနေနဲ့ မိမိပစ္စည်းတွေကိုတောင် ဆုံးရှုံးရမှာမဟုတ်ကြောင်း ဒီဇိုင်းမှာဖော်ပြထားပါတယ်။ 

လေယာဉ်မှူးတွေကိုတော့ ဒီလိုအခြေအနေမျိုးမှာ ခရီးသည်တင်အခန်းကို ဖြုတ်ချပြီး သူတို့ ကိုယ်တိုင်လည်း လွတ်မြောက်နိုင်အောင် သင်တန်းပေး စီစဉ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ 

လွန်ခဲ့တဲ့နှစ်အတော်အတွင်း MH 370 လေယာဉ်ပျောက်ဆုံးမှု၊ MH 17 လေယာဉ်ပစ်ချခံရမှု အပါအ၀င်  လေယာဉ်ပျက်ကျမှုတော်တော်များများဖြစ်ပွားခဲ့ရပြီးနောက်မှာ၊ ခရီးသည်တွေရဲ့အသက်ကိုကယ်ဆယ်နိုင်မယ့် ဒီရဲ့ လေယာဉ်ဒီဇိုင်းပေါ်ထွက်လာတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီ ဒီဇိုင်းမှာတော့ လေယာဉ်တွေကို ဒုံးကျည်တွေရဲ့ ရန်ကနေ ကာကွယ်ပေးနိုင်အောင် ပြုလုပ်နိုင်ခြင်းတော့ မရှိသေးပါဘူး။ 
တစ်နှစ်ကို လေယာဉ်ပျံသန်းမှု အကြိမ်ရေသန်းပေါင်းများစွာ ရှိနေခဲ့ပြီး လူ ၅၀၀ လောက်ကလည်း လေယာဉ်ပျက်ကျမှုတွေမှာ အသက်ပေးနေရတဲ့ အချိန်မှာ အခုလိုနည်းပညာကို တီထွင်လိုက်နိုင်တာက အတော်လေးကို အကျိုးရှိစေမှာပါ။    



( Paing A K )


#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Dailymail

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.