Thursday, January 14, 2016

ရှမ်းပြည်တောင်ပိုင်းတွင် ရေခဲမှတ်အောက် အေးသဖြင့် ရေမျက်နှာပြင်များ ခဲသည်အထိ ကြုံတွေ့နေရ



ပင်လောင်းမြို့နယ်တွင် ရေခဲနေသည်ကို မြင်တွေ့ရစဉ်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်ခရိုင်၊ တောင်ကြီးခရိုင်နှင့် လင်းခေးခရိုင်စသော ခရိုင် ၃ ခုရှိ မြို့နယ်ပေါင်း ၂၁ မြို့နယ်တို့တွင် ယခုနှစ် ဆောင်းရာသီတွင် ရေခဲသည်အထိ ဖြစ်ပေါ်ကာ အအေးဒဏ်ကို ခံစားနေရသဖြင့် သက်ကြီးရွယ်အိုများ ကျန်းမာရေး အခြေအနေ စိုးရိမ်ကြကြောင်း သတင်းရရှိပါသည်။

ရှမ်းတောင်ရှိ ပင်လောင်းတွင် မနေ့ညက ရေခဲသည်အထိ အေးခဲ့ပြီး၊ မိုးကုတ်တွင်လည်း မနေ့ညက ရေခဲမှတ်အောက် -2 ဒီဂရီအထိ ကျဆင်းခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။ အလားတူ လွန်ခဲ့သော ၂ ရက်က ကလောတွင်လည်း -1 ဒီဂရီအထိ အေးခဲ့ပြီး၊ တောင်ပေါ် မိုင်းရှူးတွင်လည်း အေးကြောင်း သိရသည်။

“မိုးကုတ်မှာ အေးတာကတော့ ရက်စက်တယ်။ မနေ့က ရေခဲတယ်လေ။ မနက်ရောက်တော့ ပေပါတိုင်ကီမှာ မျက်နှာပြင် ရေခဲတွေ ဖြစ်နေတာ မြင်တွေ့ရတယ်။ ညနေဆို မနေနိုင်တော့ဘူး။ ခြေလက်တွေ ခဲနေအောင် အရိုးထဲစိမ့်အောင် အေးတာ။ ခုလို နေ့လည်ခင်းတောင်မှာ အကျီင်္တွေ အနွေးထည်တွေ ၂ ထပ် ၃ ထပ်လောက် ၀တ်ထားရတယ်” ဟု မိုးကုတ်မြို့မှ ကိုဝင်းရှိန်းမြတ်က ပြောပြသည်။ မိုးကုတ်တွင် -2 ဒီဂရီအထိ အေးခဲ့ပြီး၊ ညနေ ၅ နာရီမှစကာ အနွေးထည် လုံလုံခြုံခြုံ ၀တ်ထားရကြောင်း သိရသည်။

ရှမ်းပြည်တောင်ပိုင်းရှိ လွိုင်လင် ခရိုင်တွင် ၇ မြို့နယ်၊ တောင်ကြီးခရိုင်တွင် ၁၀ မြို့နယ်၊ လင်းခေး ခရိုင်တွင် ၄ မြို့နယ် ရှိသည့်အနက် လင်းခေး ခရိုင်တွင်းရှိ လင်းခေး၊ မိုင်းပန်၊ မောက်မယ်တို့သည် မြန်မာပြည် ရာသီဥတုအတိုင်း ပူအိုက်ကြောင်း သိရသည်။ လွိုင်လင်တွင် ၃ ရက်ဆက်တိုက် 0 ဒီဂရီအထိ အေးခဲ့ပြီး၊ နမ့်စန်တွင်လည်း 2 ဒီဂရီအထိ တစ်ပတ်လောက် အေးနေကြောင်း သိရသည်။ တောင်ကြီးတွင် 2 ဒီဂရီအထိ အအေးပိုလာကြောင်း သိရသည်။

“လွိုင်လင်နဲ့ နမ့်စန်က အအေးဆုံးပဲ။ လွိုင်လင်မှာ သုံညမှတ်အောက် ၃ ရက်ဆက်တိုက် အေးနေတယ်။ နမ့်စန်မှာ 1 နဲ့ 2 လောက် ဖြစ်နေတယ်။ ဒီဘက်မှာ တော်တန်ရုံ အဆင်ပြေတဲ့သူတွေကတော့ မီးလှုံကြတာပေါ့။ တချို့လည်း စောစော အိပ်ယာဝင်ကြတာပေါ့။ နွေးနွေးထွေးထွေး နေကြတာပေါ့။ အသက်ကြီးတဲ့သူတွေက မီးဖိုလေးတွေနဲ့ နေကြတာပေါ့။ ဆင်းရဲသားတွေကျလည်း ဆုံးပါးတွေဘာတွေ ရှိတာပေါ့။ ရေချိုးမှားတာတို့ လေဖြတ်တာတို့ ရှိတာပေါ့။ လင်းခေး၊ မိုင်းပန်က ပူတယ်။ လင်းခေးမှာက ထန်းပင် အုန်းပင်တွေ ရှိတယ်။ မြန်မာပြည် ရာသီဥတု အတိုင်းပဲ။ အချိန်တန်ရင် ထန်းရည်ရမယ်။ ပူတယ်။ အဲ့ဘက်က။ ကျိုင်းတုံ၊ တာချီလိတ်ပူတယ်။ မြေပြန့်ဘက်၊ တောင်အောက်ဘက် ရောက်သွားတာပေါ့နော်။ တာကော်ထိ တော်တော်ပူတယ်။ ကွန်ဟိန်းမှာ စအေးတယ်။” ဟု နမ့်စန်မှ ဦးနေဇော်နိုင်က ပြောကြားသည်။

“ကလောမှာ ခုမှ အအေး ပြန်ပေါ့သွားတာ။ ရှေ့ရက်တွေတုန်းက အရမ်းချမ်းတယ်။ ရေတွေ ဘာတွေတောင် ခဲနေတယ်” ဟု ကလောမြို့မှ ကိုသိန်းဇော်က ပြောကြားသည်။

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်တွင် မိုင်းရှူး၊ မိုင်းနောင်၊ ကျေးသီး၊ မိုင်းကိုင်၊ နမ့်စန်၊ ကွန်ဟိန်း၊ လဲချား၊ ပင်လုံ၊ ခိုလမ် စသောမြို့များ ပါဝင်ပြီး၊ လွိုင်လင်၊ မိုင်းရှူးနှင့် နမ့်စန်တို့တွင် အအေးဒဏ် ပိုများဆုံး ဖြစ်ကြောင်း သိရသည်။

မြေပြန့်မြို့များထက် ပင်လယ်ရေမျက်နှာပြင်အထက် တောင်ပေါ်မြို့များတွင် အအေးဒဏ် ပိုများခဲ့ကြောင်း သိရသည်။

Writer:
စည်သာ(တောင်ကြီး)

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.