Saturday, June 4, 2016

နာမည်ကျော် အမျိုးသမီးတေးသံရှင် တစ်ဦးသည် ဂီတအသိုင်းအဝိုင်းရှိ လုပ်ဖော်ကိုင်ဖက်များထံမှ ငွေကျပ်သိန်းပေါင်း များစွာ ချေးယူပြီးနောက် ဆက်သွယ်၍ မရဟုဆို


လူကြိုက်များ တေးသီချင်းများစွာနှင့် အောင်မြင်မှုရှိခဲ့သည့် နာမည်ကျော် အမျိုးသမီးတေးသံရှင် တစ်ဦးသည် ဂီတအသိုင်းအဝိုင်းရှိ လုပ်ဖော်ကိုင်ဖက်များထံမှ ငွေကျပ်သိန်းပေါင်း များစွာ ချေးယူပြီးနောက် ဆက်သွယ်၍ မရကြောင်း ဂီတသက်တမ်း နှစ် ၃၀ ခန့်ရှိပြီဖြစ်သော အမျိုးသမီး ရော့ခ်တေးသံရှင်တစ်ဦးက The Voice သို့ ပြောကြားသည်။

"ကိုယ်တို့တွေနဲ့လည်း အရမ်းပေါင်းကြပါတယ်။ ဒီလိုမျိုး သူလုပ်လိမ့်မယ်လို့ မထင်ဘူး။ အစ်မတို့ချေးထားသလို သူများတွေဆီမှာ ချေးတယ်ဆိုတာ အစ်မတို့က တစ်ယောက်နဲ့တစ်ယောက် မချိတ်မိကြတော့ မသိကြဘူး" ဟု ၎င်းကို ကျပ်သိန်း ၁၈၀ ချေးထားသူ၎င်းက ဆက်လက်ပြောကြားသည်။
၎င်းသည် အဆိုပါငွေကြေးများကို အလုပ်ရှယ်ယာသဘောမျိုး၊ အတိုးပေးမည့်ပုံစံမျိုးဖြင့် ချေးယူခဲ့ခြင်းဖြစ်ပြီး ဂီတအသိုင်းအဝိုင်းအပြင် နိုင်ငံခြားရှိ ၎င်း၏ဆွေမျိုးများ၊ မိတ်ဆွေများနှင့် ခရစ်ယာန်ဘုန်းတော်ကြီးများထံမှပါ ချေးယူသွားခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူ အနုပညာရှင်တစ်ဦးက ပြောပြသည်။

 "ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမပြောချင်သေးဘူး။ တရားစွဲဖို့တွေကတော့ အားလုံးနဲ့တိုင်ပင်ပြီးမှ လုပ်ဆောင်သွားမှာပါ" ဟု အဆိုပါ ငွေချေးပေးထားသူ ကဗျာဘွဲ့မှူးကို ငွေချေးသူများအနက် တစ်ဦးဖြစ်သူ တေးသံရှင် ဆုန်သင်းပါရ်က ဆိုသည်။ ဂီတာအတီးသမား အချို့ထံမှ တစ်ဦးလျှင် သိန်း ၅၀ ဝန်းကျင်၊ အမျိုးသမီး တေးသံရှင်များဖြစ်သော မေခလာထံမှ သိန်းတစ်ထောင်ကျော်၊ ဆုန်သင်းပါရ်ထံမှ သိန်း ၇၅၀ ခန့်၊ Lဆိုင်းဇီထံမှ သိန်း ၇၀ ခန့်၊ ဩစတြေးလျနိုင်ငံရှိ လည်ပင်းရိုးတစ်ချောင်းတည်းသာရှိသည့် ဒုက္ခိတအဖြစ် ခံယူထားသူထံမှ ကျပ်သိန်း ၃၀၀ နှင့် အခြားသူများထံမှလည်း ချေးငွေများစွာရယူခဲ့ပြီး အဆက်အသွယ် ဖြတ်သွားခြင်းဖြစ်ကြောင်း ၁၉၈၀၊ ၁၉၉၀ ပြည့်နှစ်များက နာမည်ကျော်ကြားခဲ့သော အမျိုးသမီး ရော့ခ်တေးသံရှင်က ဆိုသည်။
"သူ့အဖေရဲ့ အနုပညာဂုဏ်၊ သူ့အနုပညာဂုဏ်ကို လေးစားတဲ့အနေနဲ့ မလုပ်ချင်ကြဘူး။ အနုပညာလောကက လူတွေက ဒီကိစ္စကို အလွန်ဝမ်းနည်းတာကို သူ့ကို သိစေချင်တယ်"ဟု ၎င်းကဆိုသည်။ လတ်တလောတွင် ကဗျာဘွဲ့မှူး၏ခင်ပွန်းက ၎င်း၏ဂုဏ်သိက္ခာကို ထိခိုက်စေမည့် ဓာတ်ပုံနှင့်စာများကို လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သော အကောင့်ပိုင်ရှင်ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ၆၆ (ဃ) ဖြင့် ကမာရွတ်မြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားသည်။
 ငွေကြေးလက်လွန်ထားသည့် ဂီတအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်အချို့ကို The Voice က ဖုန်းနှင့်ဆက်သွယ်မေးမြန်းသော်လည်း အဆိုပါကိစ္စကို လတ်တလော မပြောလိုသေးကြောင်း ၎င်းတို့က ငြင်းဆိုခဲ့ကြသည်။

The Voice

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.