Friday, January 22, 2016

ပျောက်ဆုံးနေသောဆယ်တန်းကျောင်းသူနှစ်ဦးအားတရုတ်ပြည်လွယ်ကျယ်မြို့၌ပြန်လည်တွေ့ရှိ


၂၀၁၅ ခုနှစ် စက်တင်ဘာ ၅ ရက် မှ ဒီဇင်ဘာလကုန်အထိ သုံးလခန့် ပျောက်ဆုံးခဲ့သော မြောက်ဒဂုံမြို့နယ်နေ ဆယ်တန်းကျောင်းသူလေးနှစ်ဦးမှာ တရုတ်ပြည်လွယ်ဂျယ်မြို့နယ်အတွင်းရှိ ဟိုတယ်တခုနှင့် နေအိမ်တခုတို့ တွင် သွားရောက်လုပ်ကိုင်နေခြင်းဖြစ်ပြီး ယခုအခါ ၎င်းတို့သည် နေအိမ်များသို့ ပြန်လည် ရောက်ရှိ လာပြီဖြစ်ကြောင်း ကျောင်းသူနှစ်ဦး၏ မိဘများထံမှ သိရသည်။ ''သမီးလေးတွေကိုခေါ်ယူပြီး အလုပ်ခန့်ထားတဲ့ အလုပ်ရှင်အမျိုးသားက လွယ်ဂျယ်ကနေ ဗန်းမော်ကိုလာတော့ လေဆိပ်မှာ သူတို့ပုံတွေကပ်ထားတာ တွေ့တယ်။ ပြီးတော့ အင်တာနက်မှာလည်း သူတို့တွေနဲ့ လူပျောက် ကြော်ငြာတွေ တွေ့တော့ ကလေးတွေကို မိဘတွေဆီကို ဆက်သွယ်ခိုင်းရင်းကနေပြီးတော့ ကျွန်မတို့နဲ့ အဆက်အသွယ်ရခဲ့တာပါ။ ပျောက်ကတည်းကရှာနေတာ သုံးလလောက် ကြာတော့မှ သတင်းရပါတယ်။ သတင်း ရ,ရချင်းပဲ ကျွန်မတို့ ဒီကလိုက်သွားတာပါ။ ခရီးစဉ်အစအဆုံးမှာလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်က ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ နောက်ဆုံး လွယ်ဂျယ်မြို့က နေအိမ်တခုမှာ သမီးငယ်နှစ်ဦးက သန့်ရှင်း ရေးလုပ်နေတာကို တွေ့ရတယ်။ သမီးက တွေ့,တွေ့ချင်းကျောင်းပြန်တက်ပြီး စာမေး ပွဲဖြေမယ်လို့ ပြောတယ်'' ဟု ပျောက်ဆုံးခဲ့ သော ကျောင်းသူနှစ်ဦးအနက်မှ မနေခြည်လင်း၏ မိခင်ဖြစ်သူက News Watch သို့ ပြောသည်။ မနေခြည်လင်းသည် အထက(၅) မြောက်ဒဂုံတွင် တက်ရောက်နေသည့် ကျောင်းသူတဦးဖြစ်ပြီး ယခုကဲ့သို့ ဘေးမသီရန်မခဘဲ ပြန်လည်တွေ့ရှိခဲ့မှုအပေါ်တွင် မိဘများအနေဖြင့် အလွန်ဝမ်းသာပျော်ရွှင်မိပါကြောင်း ၎င်းက ဆိုသည်။ ''အဲဒီတရုတ်ပြည်ကို ရောက်တုန်းက ညတိုင်းငိုတယ်။ အိမ်ကိုသတိရပြီးတော့ပြန်ချင်လို့။ တနေ့ကို နံနက် ၆ နာရီ ခွဲလောက်ကနေ ၇ နာရီခွဲအထိ သန့်ရှင်းရေးလုပ်ရတယ်။ သန့်ရှင်းရေးက ဘာတွေလဲဆိုတော့ ကြမ်းတိုက်၊ ဖုန်သုတ်၊ တံမြက်စည်းလှည်း၊ ဟင်းချက်ရင် ၀ိုင်းကူလုပ်ပေးရတယ်။ ပြီးတာနဲ့ ထမင်းကျွေးပါတယ်။ ပြီးတာနဲ့ သူတို့ဖွင့်ထားတဲ့ ရင်ရင် ဟိုတယ်ကိုသွားပြီး သန့်ရှင်းရေးထပ်လုပ်ရတယ်။ ညနေသုံးနာရီ၊ လေးနာရီလောက်ဆို အိမ်ပြန်ပြီး သန့်ရှင်းရေးလုပ်၊ ပြီးတာနဲ့ ထမင်းစားပြီးရင် အိပ်လို့ရပါတယ်။ ကျန်တာတော့ ဘာမှမခိုင်းပါဘူး'' ဟု ပျောက်ဆုံးခဲ့သော ကျောင်းသူနှစ်ဦးအနက်မှ မနေခြည်လင်းက ပြောပြသည်။ ၎င်းတို့နှစ်ဦးသည် စက်တင်ဘာ ၅ ရက် မွန်းလွှဲ ၁ နာရီခန့်တွင် ကျူရှင်မှ ကမ္ဘာအေးဘုရားသို့ ဦးစွာထွက်လာ ခဲ့ပြီး ထိုမှတဆင့် မြတ်မန္တလာထွန်းကားနှင့် လက်မှတ်ဖြတ်ကာ ပြင်ဦးလွင်မြို့သို့ နောက်နေ့နံနက် စက်တင်ဘာ ၆ ရက် တွင် ရောက်ရှိခဲ့ကြောင်း၊ ပြင်ဦးလွင်တွင် အလုပ်ရှာရာမှ အမျိုးသမီးတဦးနှင့်တွေ့ဆုံကာ နှစ်ညအိပ်ခဲ့ပြီး ထိုအမျိုးသမီး၏ ချိတ်ဆက်ပေးမှုကြောင့် ပြင်ဦးလွင်မှ ဗန်းမော်မြို့သို့ စက်တင်ဘာ ၉ ရက်တွင် ရောက်ရှိခဲ့ကြောင်း၊ ယင်းမြို့တွင် တညအိပ်ကာ နောက်နေ့နံနက် တရုတ်ပြည်နယ် လွယ်ဂျယ်မြို့သို့ ရောက်ရှိခဲ့ပြီး ဒေါ်ကွမ်ရင်၏နေအိမ်တွင် သန့်ရှင်းရေးအလုပ်ရရှိခဲ့သည့်အတွက် သုံးလခန့်အလုပ်လုပ်ကိုင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ''သမီးလေး အခုလိုပြန်လာလို့ ၀မ်းသာမိပါတယ်။ ဟိုက အလုပ်ရှင်ကလည်း သဘောကောင်းပါတယ်။ ပြန်ခါနီး မုန့်ဖိုးတောင်ပေးလိုက်ပါတယ်။ တော်ပါသေးတယ်။ သူတော်ကောင်းနဲ့ တွေ့လိုပေါ့။ အခုနှစ်တော့ စာမေးပွဲ ဖြေဖို့ မမီတော့ဘူး။ လာမယ့်နှစ်ကို ကျောင်းပြန်ထားရမလား၊ အပြင်ဖြေနဲ့ ဖြေခိုင်းရမှာလားဆိုတာ မသိသေး ပါဘူး။ သမီးလေးရဲ့ ဆန္ဒပါပဲ။ အခု သမီးလေးက စိတ်ရှုပ်နေတော့ မပြောတတ်သေးပါဘူး''ဟု ပျောက်ဆုံးသွား သည့် ကျောင်းသူနှစ်ဦးအနက်မှ မနှင်းသဇင်၏မိခင်က News Watch သို့ ပြောသည်။ အဆိုပါဆယ်တန်းကျောင်းသူနှစ်ဦး ပျောက်ဆုံးမှုနှင့်ပတ်သက်၍ မြောက်ဒဂုံမြို့နယ်ရဲစခန်းတွင်အမှုဖွင့်တိုင်တန်းထားရာ နှစ်ဖက်မိဘများသဘောတူညီမှုဖြင့် လက်မှတ်ထိုး၍ပိတ်သိမ်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။ နေမင်းခ News Watch (စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.